စုကလိ အောက်တိုဘာ ၈
မသန်စွမ်းသူများ ကိုဗစ်-၁၉ ရောဂါကာကွယ်ကူးစက်ဖြစ်ပွားမှု မဖြစ်ပေါ်စေရန်အတွက် ပြုမူလိုက်နာဆောင်ရွက်သင့်သည့် အချက်များကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရာ အတွက် ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ စုကလိမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန တွင် မသန်စွမ်းသူများအတွက် ကိုဗစ်-၁၉ ရောဂါ အသိပညာပေး Talk Showကို ယနေ့နေ့လယ် ၁၂ နာရီအချိန်က ဆောင်ရွက်သည်။
အဆိုပါ အသိပညာပေး Talk Show တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စုကလိမြို့ဦးစီးမှူး ဦးဇော်နိုင်လင်းက မသန်စွမ်းသူ ဆိုသည်မှာ၊ ကိုယ်အင်္ဂါမသန်စွမ်းသူ၊ အမြင်အာရုံမသန်စွမ်းသူများအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရန် လုပ်ဆောင်သင့်သည့် အချက်များ၊ ကွာရန်တင်းစင်တာများတွင် မသန်စွမ်းသူများ သွားရောက်နေထိုင်ရပါက လိုက်နာရမည့်အချက်များအားလည်းကောင်း၊ စာကြည့်တိုက်လက်ထောက်-၃ ဒေါ်ပိုပိုအောင်က နိုင်ငံအတွင်းရှိ မသန်စွမ်းသူဦးရေ၊ အကြားအာရုံမသန်စွမ်းသူများ၊ ဉာဏ်ရည်မသန်စွမ်းသူများ အနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရန် လုပ်ဆောင်သင့်သည့်အချက်များ၊ ကွာရန် တင်းစင်တာများတွင် မသန်စွမ်းသူများအတွက် ထည့်သွင်းစဉ်းစားပေးသင့်သည့်အချက်များ စသည် တို့ကို အကျယ်တဝင့်ဆွေးနွေးခဲ့ကြသည်။
၎င်းအသိပညာပေး Talk Show ကို ပြည်သူများအလွယ်တကူကြည့်ရှုလေ့လာနိုင်ရန် We Love Sukali facebook page နှင့် စုကလိမြို့ ပြည်သူ့စာကြည့်တိုက် facebook page တို့တွင် အွန်လိုင်းတင်ဆက်မှုပုံစံဖြင့် တင်ဆက်ပေးမည်ဖြစ်ပြီး အသိပညာပေး Talk Show များကို ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းတစ်ရပ်အဖြစ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
ဇော်နိုင်လင်း