အခြေခံပညာကျောင်းများတွင် ပညာသင်ကြားလျက်ရှိသော အသက်(၁၂)နှစ်အထက် ကျောင်းသား/သူများအား ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပေးနိုင်ရေး ဆောင်ရွက်ထားရှိမှု အခြေအနေများအား ခရိုင်ပညာရေးမှူးနှင့်တွေ့ဆုံမေးမြန်း

 မြိတ်   အောက်တိုဘာ   ၈

ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှုများ မြန်မာနိုင်ငံတွင် လျော့နည်းလာခဲ့ပြီး ရောဂါပိုးတွေ့ရှိမှု နည်းပါးလာခဲ့၍ ကျောင်းသား/သူ လူငယ်မောင်မယ်များ၏ ပညာရေးနစ်နာမှုမရှိစေရန် မကြာမီ ကာလတွင် ကျောင်းများပြန်လည် ဖွင့်လှစ်ရေး နိုင်ငံတော်မှ စီစဉ်လျက်ရှိရာ  ကျောင်းပြန်ဖွင့် လှစ်ပါက ကျောင်းသား/သူတွေ စိတ်အေးချမ်းပျော်ရွင်စွာနှင့် ကျန်းမာရေး မထိခိုက်ဘဲ လုံခြုံ စိတ်ချစွာ ပညာသင်ကြားနိုင်စေရန် အသက်(၁၂)အထက် အလယ်တန်းနှင့် အထက်တန်း ကျောင်းသား/သူများကို ကိုဗစ်ရောဂါ ကာကွယ်ဆေး ထိုးနှံပေးမည်ဖြစ်သည်။

အခြေခံပညာကျောင်းများတွင် ပညာသင်ကြားလျက်ရှိသော အသက်(၁၂)နှစ်အထက် ကျောင်းသား/သူများအား ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပေးနိုင်ရေးအတွက် မြိတ်ခရိုင်တွင် ဆောင်ရွက်ထားရှိမှု အခြေအနေများ၊ ကာကွယ်ဆေးထိုးပေးမည့် အစီအမံ များနှင့် ကျောင်းများပြန်လည်ဖွင့်လှစ်ရန် ပြင်ဆင်ဆောင်ရွက်နေမှု အ‌ခြေအနေများကို မြိတ်ခရိုင်ပညာရေးမှူး ဦးဉာဏ်ထွန်းနှင့် တွေ့ဆုံမေးမြန်းမှုအား ရေးသားတင်ပြအပ်ပါသည်။  

မေး။   ဆရာကြီးတို့ရဲ့ အခြေခံပညာအထက်တန်း/အလယ်တန်းကျောင်းများမှာ နိုင်ငံတော်အစီအစဉ်နဲ့ အသက် (၁၂)နှစ်အထက် ကျောင်းသား/သူတွေကို ကိုဗစ်ကာကွယ်ဆေး ထိုးနှံပေးဖို့အတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက် ထားရှိမှု အခြေအနေကို သိပါစေရှင့် ။

ဖြေ။    အခြေခံပညာကျောင်းတွေမှာ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးဖို့အတွက် အောက်တိုဘာလ (၁)ရက်နေ့မှာ တိုင်းဒေသကြီးအစိုးရအဖွဲ့နဲ့ ဌာနဆိုင်ရာတွေ Zoom Metting  ပြုလုပ်ပြီး ပညာရေးမှူးတွေအနေနဲ့ ကျောင်းတွေမှာ အသက်(၁၂) နှစ်ပြည့်ပြီးတဲ့ အလယ်တန်း၊ အထက် တန်း ကျောင်းသား/သူတွေ ကာကွယ်ဆေးထိုးဖို့ စာရင်းပြုစု  ဆောင်ရွက်ဖို့ မှာကြားခဲ့တဲ့ အတွက် မြို့နယ်အလိုက် စာရင်းများ စနစ်တကျ ကောက်ယူစုစည်းဆောင်ရွက်လျက်ရှိ ပါတယ်။

 

မေး။   ကာကွယ်ဆေးထိုးနှံပေးတဲ့အခါမှာ သက်ဆိုင်ရာနယ်မြေအလိုက်  ဆေးထိုးစုရပ်များ သတ်မှတ်ထားတာ ကိုလည်း ကျောင်းသားမိဘများနဲ့ ကျောင်းသား၊ကျောင်းသူများ သိရှိစေရေး ပြောပြပေးပါဦးရှင့် ။

ဖြေ။    ဆေးထိုးစုရပ်များအနေနဲ့ မြို့နယ်အလိုက် ဆေးထိုးစုရပ်တွေ ပြင်ဆင်ထားရှိပြီး ဆေးထိုးအဖွဲ့တွေလည်း စုဖွဲ့ထားရှိပါတယ်။ မြိတ်မြို့နယ်အနေနဲ့ ဆေးထိုးစုရပ်အဖြစ် ကျောင်း(၂၄)ကျောင်းမှာ ပြင်ဆင်ထားရှိပါတယ်။ ဆေးထိုးမယ့်အဖွဲ့က (၈)ဖွဲ့ရှိပါတယ်။ ကျန်တဲ့ မြို့နယ်များလည်း ပြင်ဆင်ထားရှိပြီးဖြစ်ပါတယ်။ သက်ဆိုင်ရာ ကျောင်းတွေက ဆေးထိုးစုရပ် နေရာတွေမှာ ကျောင်းသား/ သူတွေကို သွားရောက်ထိုးနှံကြရမှာဖြစ်ပါတယ်။ ထို့အတူ ကိုယ်ပိုင်ကျောင်းနဲ့ ဘုန်းတော်ကြီးသင်ပညာရေး ကျောင်းတွေက ကျောင်းသား/သူတွေကို ၄င်းကျောင်း မှာပဲ ဆေးထိုးစုရပ်အနေနဲ့ သတ်မှတ်ပြီး ထိုးနှံပေးသွားမှာဖြစ်ပါတယ်။

‌မေး။   မြိတ်မြို့နယ်အနေနဲ ကိုဗစ်-၁၉ကာကွယ်ဆေးထိုးနှံပေးဖို့ အကျုံးဝင်တဲ့ကျောင်းသား/ ကျောင်းသူ  ဦးရေ ကိုလည်း ပြောကြားပေးပါဦးရှင့် ။

ဖြေ။    ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပေးဖို့  မူလတန်းလွန်ကျောင်းမှ အလယ်တန်းကျောင်း (ခွဲ)၊ အလယ်တန်း ကျောင်း၊  အထက်တန်းကျောင်း(ခွဲ)၊ အထက်တန်းကျောင်း၊ ကိုယ်ပိုင် ကျောင်းနဲ့ ဘုန်းတော်ကြီးသင်ပညာရေး ကျောင်းတို့မှ အသက်(၁၂)နှစ် ပြည့်ပြီးသူတွေ အကုန်လုံး အားလုံးအကျုံးဝင်ပါတယ်။  အသက်(၁၂)နှစ်ဆိုတဲ့ နေရာ မှာ (၂၀၂၁)ခုနှစ် စက်တင်ဘာလ (၃၀)ရက် နေ့ နောက်ဆုံးထားပြီး(၁၂)နှစ်ပြည့်ရမှာဖြစ်ပါတယ်။ အဲဒီ ကျောင်း သား/သူတွေပဲ ဆေးထိုးကြရမှာဖြစ်ပါတယ်။  ဆေးထိုးကြ ရမယ့် မြိတ်မြို့နယ်မှာရှိတဲ့ အသက်(၁၂)နှစ်ပြည့်ပြီး ကျောင်းသား/သူ အလယ်တန်း အထက်တန်း စုစုပေါင်း ကျောင်းသား/ သူဦးရေမှာ (၉၆၉၅)ဦး ရှိပါတယ်။

မေး။   အသက်(၁၂)နှစ်အထက် ကျောင်းသား/သူတွေကို သတ်မှတ်စုရပ်တွေမှာ ကိုဗစ်-၁၉ ကာကွယ်ဆေး လာရောက်ထိုးနှံကြဖို့ အသိပေးအကြောင်းကြားတာတွေ ဆောင်ရွက်ထားရှိမှု အခြေအနေကိုလည်း ဖြေကြား ပေးပါဦးရှင့် ။

ဖြေ။    ဆေးထိုးပေးမယ့် ကျောင်း သား/သူများကို ကျောင်းအပ်နှံထားတဲ့စာရင်းကို အခြေခံ၍ သက်ဆိုင်ရာ ကျောင်းတွေ ကျောင်းအုပ်ကြီးနဲ့ ဆရာ/မတွေက  ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေး အဖွဲ့နဲ့ပူးပေါင်းပြီး   အကြောင်း ကြားပေးသွားမှာဖြစ်ပြီးတော့ ဆေးထိုးစုရပ်ကျောင်းသို့ သွားရောက် ထိုးနှံရကြရမှာဖြစ်ပါတယ်။ ဆေးထိုးပေးမယ့် ကျောင်းသား/သူတွေကို အောက်တိုဘာလ (၁၀)ရက်နေ့အပြီး  စာရင်းပြုစု ကောက်ယူကြဖို့ ကြိုတင်နိုးဆော် အကြောင်းကြားထားပါပြီး ဖြစ်ပါတယ်။

မေး။   မကြာမီမှာ ကျောင်းတွေ ပြန်လည်ဖွင့်လှစ်တော့မှာဖြစ်တဲ့အတွက် ဆရာ/မများ အနေနဲ့ရော ကိုဗစ်-၁၉ ကာကွယ်ထိုးနှံ ပြီး/မပြီးလည်း ဖြေကြားပေးပါဦးရှင့် ။

ဖြေ။    ကျောင်းတွေမှာ ဆရာ/မတွေ ကိုဗစ် ကာကွယ်ဆေးထိုးတဲ့တဲ့ စာရင်းပြန်ကြည့်ရင် မြိတ်ခရိုင်စုရှိ မြို့နယ် (၆)မြို့နယ်မှာ  စာရင်းရှိ(၄၈၃၂)ဦးရှိပြီး (၃၈၅၀)ဦးဆေးထိုးပြီး ဖြစ်ပါ တယ်။ ဆေးမထိုးရသေးတာ(၉၈၂)ဦးရှိ၍ ဆေးထိုးပြီးတဲ့ ရာခိုင်နှုန်းအနေနဲ့ (၈၆.၆၁) ရာခိုင်နှုန်း ရှိပါတယ်။

မေး။   ကျောင်းများပြန်လည်ဖွင့်လှစ်နိုင်ရေး အစီအမံများနဲ့ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက် လျက်ရှိတဲ့ အခြေ အနေကိုလည်း ဖြေကြားပေးပါအုံးရှင့် ။

ဖြေ။    ကျောင်းများကို ပြန်လည်ပြီးဖွင့်လှစ်ဖို့အတွက်  သက်ဆိုင်ရာကျောင်းများအလိုက် ကျောင်းအုပ်ကြီးများကို မိမိတို့ကျောင်းမှာ  ကျောင်းဥပဓိရုပ်ကောင်း မွန်စေရေး၊ ကျောင်း ပတ်ဝန်းကျင်သန့်ရှင်းသာယာလှပရေး၊ ကိုဗစ်-၁၉ ကာကွယ်ရေး လမ်းညွှန်ချက်နဲ့အညီ  စနစ် တကျ စီမံဆောင်ရွက်ထားရှိကြဖို့၊  ကျောင်းတက်ချိန်တွေမှာ ကျောင်းမတက်မီ ကျောင်းသား/ သူတွေ လိုက်နာ ရမယ့်စည်းကမ်း၊ ကျောင်းသားမိဘတွေ ကျောင်းအကြို/အပို့ လိုက်နာရမယ့် စည်းကမ်း၊ စာသင်ချိန် လိုက်နာရ မယ့်စည်းကမ်း စတဲ့ လိုက်နာရမယ့်စည်းကမ်းချက်တွေပါ V-9 တွေ ပေးပို့ထားပြီး ဖြစ်ပါတယ်။ အောက်တိုဘာလ မကုန်မီ ကြိုတင်ပြင်ဆင်ကြဖို့ ညွှန်ကြားထားပါတယ်။  နိုင်ငံတော်မှ သီတင်းကျွတ်ကျောင်းပိတ်ရက် ကာလအလွန်မှာ ကိုဗစ်-၁၉ ကူးစက်မှုရာခိုင်နှုန်း (၅)ရာခိုင်နှုန်း အောက်ရောက်ရှိတဲ့အချိန် ဖွင့်လှစ်သွားမယ်လို့ အသိပေး ထားပြီး ဖြစ်ပါတယ်။

မေး။   နိုင်ငံတော်အနေနဲ့ ကျောင်းများပြန်လည်ဖွင့်လှစ်နိုင်ရေး (၁၂)နှစ်အထက် ကျောင်းသား/ သူတွေကို ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပေးတဲ့အပေါ် ဆရာကြီးရဲ့ပီတိစကားလေးလည်း ပြောကြားပေးပါဦးရှင့် ။

ဖြေ။    နိုင်ငံတော်အနေနဲ့ ထိုးနှံပေးတဲ့ ကိုဗစ်ကာကွယ်ဆေးကို ဆရာ/မတွေအားလုံးလည်း ထိုးသင့်တယ်။ အသက်(၁၂)နှစ်ပြည့်တဲ့ ကျောင်းသာ/သူတွေအားလုံးလည်း ထိုးသင့်တယ်။ ကာကွယ်ဆေးထိုးပြီး ကျောင်းတက်ကြတဲ့အခါ စိတ်ချလက်ချ အေးအေး ချမ်းချမ်းနဲ့ ကျောင်းသင်ခန်းစာတွေ သင်ကြားသင်ယူနိုင်မှာဖြစ်ပါတယ်။ ကျောင်းလုပ်ငန်းတွေလည်း ဆောင်ရွက်နိုင်မှာ ဖြစ်ပါ တယ်။ ဆေးထိုးထားတဲ့သူနဲ့ ဆေးမထိုးသေးတဲ့သူတွေ ကွာခြားပါတယ်။ ရောဂါကူးစက်မှုများခဲ့တဲ့အချိန်မှာ ကိုဗစ်ကာကွယ်ဆေး ထိုးပြီးတဲ့သူတွေက ကာကွယ်ဆေးမထိုး သေးတဲ့သူနဲ့စာရင် ကူးစက်မှုနှုန်းလည်းနည်းတယ်။ ခံနိုင်ရည်စွမ်းအား လည်းပိုရှိတယ်။ ကူးစက်ခဲ့သော်လည်း ဆေးရုံတင်ရလောက်အောင် အသက်ဆုံးရှုံးမှု မကြုံရဘူး။

ဒါ့ကြောင့် အသက်(၁၂)ပြည့်တဲ့ ကျောင်းသား/သူ ကလေးတွေအားလုံးကို မိဘများအနေနဲ့ ကြိုတင်ကာ ကွယ်ဆေးထိုးတဲ့အချိန်မှာ တစ်ဦးတစ်ယောက်မကျန်အောင် အားလုံး ထိုးစေချင်ပါ တယ်။ ကျောင်းအပ်နှံထားတဲ့ ကလေးတွေကို ပထမဦးဆုံးထိုးပေးမယ်။ နောက်ထပ်အပ်နှံ လာမယ့်သူတွေကိုလည်း ဆက်လက်ထိုးပေးဖို့ အစီအစဉ်ရှိပါတယ်။ စိတ်ချလက်ချနဲ့ ကိုဗစ် ကာကွယ်ဆေးထိုးပြီးတော့ ကျန်းမာပျော်ရွင်စွာနဲ့ မိမိတို့ကလေးများ ကျောင်းသား/သူများ၊ တပည့်များအားလုံး ပျော်ရွင်ချမ်းမြေ့စွာ သင်ကြားနိုင်ပြီးတော့ ပညာသင်ကြားရေးကို ပူးပေါင်း ပါဝင်ပေးကြပါလို့ ပြောကြားလိုပါတယ်။

မေး။   ဆရာကြီးအနေနဲ့ ဖြည့်စွက်ပြောချင်တာလေးရှိရင်လည်း ပြောကြားပေးပါဦးရှင့် ။

ဖြေ။    ဖြည်စွက်ပြောကြားချင်တာက မြိတ်ခရိုင်စုအနေနဲ့ မြို့နယ်(၆)မြို့နယ်မှာ ရေလမ်းခရီး သွားလာရတဲ့ လက်လှမ်းမမှီတဲ့ ကျေးရွာတွေက ဆေးထိုးစုရပ် အထကကျောင်းတွေကို လာရမှာဖြစ်တဲ့အတွက် အုပ်ချုပ်ရေးအဖွဲ့ အစည်းတွေအနေနဲ့ ကျောင်းသား/သူတွေ ဆေးထိုးတဲ့ အခါမှာ  စုရပ်တွေကို သွားရောက်ထိုးနှံဖို့အတွက် ဝိုင်းဝန်း ပံ့ပိုးကူညီပေးဖို့ လိုအပ်ပါတယ်။ ဆေးထိုးပေးမယ့် မိဘအုပ်ထိန်းသူတွေကလည်း စိတ်ချလက်ချ လာရောက်ထိုးနှံ ပေးကြဖို့နဲ့ ကျောင်းသား/သူတိုင်း၊  ဆရာ/မတိုင်း အားလုံး ဆေးထိုးကြပြီးတော့ ကိုဗစ်ရောဂါကြီး ကင်းဝေး ကြပါစေလို့ ပြောကြားချင်ပါတယ်။

အခြေခံပညာကျောင်းများမှာ ပညာသင်ကြားလျက်ရှိသော အသက်(၁၂)နှစ်အထက် ကျောင်းသား/သူတွေကို ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပေးနိုင်ရေး ဆောင်ရွက်ထားရှိမှုနဲ့ ကျောင်းပြန်လည်ဖွင့်လှစ်ရန်  ကြိုတင် ပြင်ဆင်ဆောင်ရွက်နေမှု အခြေအနေ တွေကို ဖြေကြား ပေးတဲ့ ဆရာကြီးအား အထူးကျေးဇူးတင်ရှိပါတယ်ရှင့် ။

 ခိုင်ထူး ( မြိတ် )