နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပန်ဆောင်မြို့၌ အသက်(၁၈)နှစ်ပြည့် ဒေသခံ ပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံ

ပန်ဆောင် အောက်တိုဘာ ၈

စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပန်ဆောင်မြို့၊ မြို့ပေါ် (၃)ရပ်ကွက်၌ ယမန်နေ့ နံနက် ၉ နာရီမှ ညနေ ၄ နာရီအချိန်အထိ ပန်ဆောင်မြို့ နောင်ရမ်းခန်းမ၌ အသက်(၁၈)နှစ်ပြည့် ဒေသခံပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံပေး ခဲ့ကြောင်း သိရသည်။

အဆိုပါ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံပေးရာတွင် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးဆိုင်ရာ သတိပေး လမ်းညွှန်ချက်များ နှင့်အညီ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ဝန်ထမ်းများ၊ ကျန်းမာရေး ဝန်ထမ်းများက စာရင်းရေးသွင်းပေးခြင်း၊ ကိုယ်အပူချိန် တိုင်းတာစစ်‌ဆေးပေးခြင်းများ ပူးပေါင်းပါဝင် ဆောင်ရွက်ပေးခဲ့ကြပြီး ဆေးပေးခန်းမှ သူနာပြုဆရာမများက ပထမအကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများကို ထိုးနှံပေးခဲ့ကြောင်း သိရသည်။

ထိုသို့ထိုးနှံရာတွင် ပန်ဆောင်မြို့ အထက်ရပ်ကွက်မှ ဒေသခံပြည်သူ(၂၂၉)ဦး၊ အလယ်ရပ်ကွက်မှ ဒေသခံပြည်သူ(၃၈)ဦး၊ အထက်ရပ်ကွက်မှ ဒေသခံပြည်သူ(၁၉၇)ဦး စုစုပေါင်း (၄၆၄)ဦးတို့အား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံပေးနိုင်ခဲ့ကြောင်း သိရသည်။

ဂျာယော်(ပန်ဆောင်)