လှိုင်းဘွဲမြို့နယ်တွင် အသက်(၁၂)နှစ်အထက် ကျောင်းသား/ ကျောင်းသူများအား ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံနိုင်ရန်ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် ပတ်သက်၍ ဒုတိယမြို့နယ် ပညာရေးမှူးနှင့်တွေ့ဆုံမေးမြန်း

 

လှိုင်းဘွဲ    -   အောက်တိုဘာလ-၈

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊  လှိုင်းဘွဲမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ အသက်(၁၂)နှစ်အထက် ကျောင်းသား/သူများအား ကိုဗစ်-၁၉ရောဂါကာကွယ်နိုင်ရန်အတွက် ကာကွယ်ဆေး ထိုးနှံမည့် အစီအစဉ်များနှင့်ပတ်သက်၍ ဒုတိယမြို့နယ်ပညာရေးမှူး ဦးကြည်ဇင် အား သွားရောက်တွေ့ဆုံမေးမြန်မှုကို တင်ပြလိုက်ပါတယ်။

မေး။ ဆရာကြီး၏ အမည်နှင့်တာဝန်ထမ်းဆောင်နေတဲ့ ရာထူးတာဝန်ကို သိပါရစေရှင့်။

ဖြေ။ ကျွန်တော့နာမည်ကတော့ ဦးကြည်ဇင်ပါ၊ ဒုတိယမြို့နယ်ပညာရေးမှူး တာဝန်ထမ်းဆောင်နေပါတယ်။

မေး။ ဆရာကြီးတို့ရဲ့  အထက်တန်း/အလယ်တန်းကျောင်းတွေမှာ နိုင်ငံတော်ရဲ့အစီအစဉ်ဖြင့် အသက် ၁၂ နှစ်အထက် ကျောင်းသား/ကျောင်းသူတွေကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးဖို့ စီစဉ်နေတယ်လို့ သိရတဲ့အတွက် ကာကွယ်ဆေးထိုးနှံဖို့ ကြိုတင်ပြင်ဆင်ဆောင်ရွက် ထားရှိမှု အခြေအနေလေးကို သိချင်ပါ တယ်ရှင့်။

ဖြေ။ နိုင်ငံတော်ရဲ့အစီအစဉ်ဖြင့် ၂၀၂၁-၂၀၂၂ပညာသင်နှစ်မှာ လှိုင်းဘွဲမြို့နယ်အတွင်းရှိ အခြေခံပညာ အထက်တန်း/အလယ်တန်းကျောင်း၊ မူလွန်ကျောင်းများမှ  အသက် ၁၂ နှစ်ပြည့် ပြီးသောကျောင်းသား၊ ကျောင်းသူများကို ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံဖို့ ဆောင်ရွက်နေပါတယ်။ ကာကွယ်ဆေး ထိုးနှံရာမှာ ကျောင်းသား၊ ကျောင်းသူများ၏ ကိုယ်ရေးအချက်အလက်တွေကို မြို့နယ်ပညာရေးမှူးရုံးက ဖြည့်သွင်းပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနတို့နဲ့ ပူးပေါင်းဆောင်ရွက်ကာ စီမံချက် ရေးဆွဲထားပြီး ဖြစ်ပါတယ်။

မေး။  ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပေးမယ့် စုရပ်ဘယ်နှစ်ခု ရှိပါသလဲ သိချင်ပါတယ်ရှင့်။

ဖြေ။ လှိုင်းဘွဲမြို့နယ်အတွင်းရှိ အထကကျောင်းများတွင်မှာ ကာကွယ်ဆေးထိုးနှံမဲ့ စုရပ်(၅)ခု သတ်မှတ် ထားပါတယ်။ လှိုင်းဘွဲမြို့ အထကကျောင်း၊ ပိုင်ကျုံမြို့ အထကကျောင်း၊ ထီလုံ အထကကျောင်း၊ ရွှေဂွန်း အထကကျောင်း၊ မြိုင်ကြီးငူ အထကကျောင်း စုရပ်(၅)ထားပြီး ထိုးနှံပေးသွားမှာ ဖြစ်ပါတယ်။

မေး။ ကာကွယ်ဆေးထိုးဖို့ကျောင်းသား/ကျောင်းသူတွေကို စုရပ်တွေမှာ လာရောက်ထိုးနှံဖို့အတွက် အသိပေးချက်တွေကို  ဘယ်လိုဆောင်ရွက်ထားပါသလဲရှင့်။

ဖြေ။    စုရပ်(၁)ခုမှာ ကျောင်းက (၁၀)ကျောင်းရှိမယ်၊(၁၅)ကျောင်းရှိမယ်၊ စီမံချက်က(၅)ရက် ဆိုတော့ ကျောင်းတွေ ရက်အလိုက် ခွဲပြီး ထိုးနှံပေးသွားမယ်ဖြစ်ပါတယ်၊ ထိုးနှံဖို့ အသိပေး တာကတော့ သက်ဆိုင်ရာ ကျောင်းအုပ်ကြီးတွေကမှတစ်ဆင့် အုပ်ချုပ်ရေးမှူး၊ မိဘတွေ၊ ကျောင်းသား၊ကျောင်းသူတွေကို ဆက်လက် အသိပေးသွားမှာဖြစ်ပါတယ်။