ဝေါလေမြိုင် အောက်တိုဘာ ၈
ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ ဝေါလေမြိုင်မြို့တွင် အသက်(၁၂)နှစ်နှင့်အထက် ကျောင်းသား/ ကျောင်းသူများ ကိုဗစ်-၁၉ကာကွယ်ဆေး ထိုးနှံနိုင်ရေးနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီက ဝေါလေမြိုင်မြို့၊ အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပ ပြုလုပ် သည်။
ထိုသို့ ရှင်းလင်းဆွေးနွေးရာတွင် မြို့အုပ်ချုပ်ရေးမှူး ဦးကောင်းရီက အသက်(၁၂)နှစ်အထက် အလယ်တန်း၊ အထက်တန်းကျောင်းသား/ ကျောင်းသူများအား ကိုဗစ်ကာကွယ်ဆေး ထိုးနှံပေးမည့် အစီအစဉ်ကို မိဘများသိရှိစေရန်နှင့် တစ်ဦးချင်းစီ၏ ဆန္ဒသဘောထားကိုရယူရန် ယခုလို ရှင်းလင်းဆွေးနွေးရခြင်းဖြစ်ကြောင်း၊ မိမိ၏ကလေးကို ကာကွယ်ဆေးထိုးလိုသည့် မိဘများ အနေဖြင့် စာရင်းပေးသွင်းပြီး ကိုယ်တိုင်လက်မှတ်ရေးထိုးရန် လိုအပ်ကြောင်း၊ မိမိကလေး၏ ကျန်းမာရေးအခြေအနေကြောင့် ဆေးထိုးရန် ဆန္ဒမရှိပါကလည်း ပညာသင်ကြားရေးကို မထိခိုက်ပဲ ကာကွယ်ဆေးထိုးသည့် ကျောင်းသား/ကျောင်းသူများနည်းတူ ပညာသင်ကြားခွင့် ရရှိမှာ ဖြစ်ကြောင်း၊ မိမိသားသမီးများ ကျန်းမာစွာ ပညာသင်ကြားရေးအတွက် ကာကွယ်ဆေး ထိုးနှံသည့်ကိစ္စကို မိဘများကိုယ်တိုင် ဆုံးဖြတ်ကြစေလိုကြောင်း ရှင်းလင်းဆွေးနွေးခဲ့သည်။
အဆိုပါ ရှင်းလင်းဆွေးနွေးပွဲသို့ ဝေါလေမြိုင်မြို့အုပ်ချုပ်ရေးမှူး ဦးကောင်းရီ၊ ရပ်ကွက်အုပ်ချုပ်ရေး တာဝန်ရှိသူများ၊ အလယ်တန်း၊ အထက်တန်းပြဆရာ/ဆရာမများနှင့် ကျောင်းသားမိဘများ တက်ရောက်ကြကြောင်းသိရသည်။
နိုင်မျိုးသင်း(ပြန်/ဆက်)