အမာ အောက်တိုဘာ ၈
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ အမာမြို့တွင် အသက်(၁၂)နှစ်နှင့်အထက် ကျောင်းသားကျောင်းသူများ ကို ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးမည့်အစီအစဉ်အား ရှင်းလင်းဆွေးနွေးပွဲကို အခြေခံပညာအထက်တန်း ကျောင်း၌ ယမန်နေ့ နံနက် ၁၀ နာရီက ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ အခြေခံပညာအထက်တန်းကျောင်း၏ ယာယီတာဝန်ခံ ဆရာမကြီးက အသက်(၁၂)နှစ်နှင့်အထက် အလယ်တန်း၊ အထက်တန်းကျောင်းသားကျောင်းသူများအား ကာကွယ်ဆေးထိုးနှံမည့် အစီအစဉ်နှင့် ပတ်သက်၍ ရှင်းလင်းချပြပြီး၊ မိဘများသိရှိစေရန်နှင့် တစ်ဦးချင်းစီ၏ ဆန္ဒသဘောထားကို ရယူရန် ယခုအစည်းအဝေးကို ခေါ်ယူရခြင်းဖြစ်ကြောင်း၊ မိမိ၏ကလေးကို ကာကွယ်ဆေးထိုးလိုသည့်မိဘများအနေဖြင့် စာရင်းပေးသွင်းပြီး ကိုယ်တိုင်လက်မှတ်ရေးထိုးရန်လိုအပ်ကြောင်း၊ မိမိကလေး၏ ကျန်းမာရေးအခြေအနေကြောင့် ဆေးထိုးနှံရန် ဆန္ဒမရှိပါကလည်း ပညာသင်ကြားရေးကို မထိခိုက်ပဲ အများနည်းတူပညာသင်ကြားခွင့် ရရှိမှာဖြစ်ကြောင်း၊ မိမိသားသမီးကျန်းမာစွာ ပညာသင်ကြား နိုင်ရေးအတွက် ဆေးထိုးနှံရေးကိစ္စကို မိဘများကိုယ်တိုင် ဆုံးဖြတ် ကြစေ လိုကြောင်းဖြင့် ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါ ရှင်းလင်းဆွေးနွေးပွဲသို့ အလယ်တန်းနှင့်အထက်တန်းပြ ဆရာဆရာမများ၊ ကျောင်းသားမိဘ များ တက်ရောက်ခဲ့ကြပြီး ကာကွယ်ဆေးကို အောက်တိုဘာလ(၁၂)ရက်မှ (၁၆)ရက်အတွင်း ရက်အတိအကျ သတ်မှတ်ပြီးပါက ထိုးနှံပေးမည့်ရက်ကို မိဘပြည်သူများသိရှိစေရန် လိုက်လံကြေညာပေးမည်ကြောင်း သိရသည်။
အမာ (ပြန်/ဆက်)