မြို့သစ် အောက်တိုဘာ ၈
မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်တွင် ယမန်နေ့ နံနက်ပိုင်းက ဆည်၏ အထက်ပိုင်း၌ မိုးများအဆက်မပြတ် ရွာသွန်းမှုကြောင့် ဆဒ္ဒန်ဆည်နှင့် စွန်ဆည် ရေလှောင်တမံရေပိုလွှဲမှ ရေကျော်ကျမှုရှိလာကြောင်း မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာနက သိရသည်။
ဆဒ္ဒန်ဆည်ရေလှောင်တမံ၏ ရေပြည့်အမှတ်သည် (၅၆၀ ဒသမ ၅၀)ပေဖြစ်ပြီး လက်ရှိ ရေမှတ်မှာ (၅၆၃ ဒသမ ၃၀) ပေရှိသည့်အတွက် (၂ ဒသမ ၈ပေခန့်) ရေပိုလွှဲမှ ရေကျော်ကျ လျက်ရှိပြီး စွန်ဆည်ရေလှောင်တမံ၏ ရေပြည့်အမှတ်သည် (၆၂၅)ပေဖြစ်ပြီး လက်ရှိရေမှတ်မှာ (၆၂၅ ဒသမ ၅၀) ပေရှိသည့်အတွက် (သုည ဒသမ ငါးပေခန့်) ရေကျော်ကျ လျက်ရှိကြောင်း သိရသည်။
ဆဒ္ဒန်ဆည်နှင့်စွန်ဆည် ရေလှောင်တမံ၏ ရေပိုလွှဲမှ ရေကျော်ကျမှုရှိသော်လည်း ဆည်များ၏ ရေထုတ်ပြွန် ရေပိုလွှဲနှင့် ဆက်စပ်အဆောက်အအုံများ ကြံ့ခိုင်ကောင်းမွန်၍ ဆည်အောက်ပိုင်းရှိ ကျေးရွာနေ ပြည်သူများ ဘေးအန္တရာယ် ကင်းရှင်းရေးအတွက် အချိန်နှင့်တစ်ပြေးညီ အသိပေးနှိုးဆော်မှုများ ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ် ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာန ဦးစီးအရာရှိ ဦးအောင်ဇော်ထက်ထံက သိရသည်။
ဝင်းအိဇွန် (ပြန်/ဆက်)