ပခုက္ကူ အောက်တိုဘာ ၈
မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်သည် ပခုက္ကူခရိုင်အတွင်း ချည်ထည် လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဒေသခံချည်ထည် လုပ်ငန်းရှင်များ၊ လုပ်ငန်း ကော်မတီဝင် ဌာနဆိုင်ရာများနှင့် တွေ့ဆုံဆွေးနွေးပွဲကို ယမန်နေ့ နံနက် ၁၁ နာရီအချိန်က ပခုက္ကူမြို့၊ အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန မြဧရာ(၁)ခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ ပခုက္ကူခရိုင်အတွင်း ပခုက္ကူ၊ ရေစကြို၊ မြိုင်မြို့နယ်များမှ တက်ရောက်လာသည့် ချည်ထည် လုပ်ငန်းရှင်များက တစ်ဦးချင်းမိတ်ဆက်ကြပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးစန်းလှိုင်က ပခုက္ကူခရိုင်အတွင်း ဝါသီးနှံစိုက်ပျိုးမှု အခြေအနေ၊ အခြားသီးနှံစိုက်ပျိုးမှု အခြေအနေနှင့် ချည်ထည်လုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေတို့ကို ရှင်းလင်း တင်ပြသည်။
ထို့နောက် မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်က ဝါသီးနှံတိုးချဲ့စိုက်ပျိုးရေး၊ ဒေသတွင်း ချည်လိုအပ်မှုနှင့် ချည်ထည်လုပ်ငန်းရှင်များ၏ အခက်အခဲများ ဖြေရှင်းပေးနိုင်ရေး ရင်းနှီးပွင့်လင်စွာ ဆွေးနွေးပေးကြရန် အမှာစကား ပြောကြားရာ ချည်ထည် လုပ်ငန်းရှင်များက ပြည်ပမှတင်သွင်းလာသည့် ချည်များကို မန္တလေး၊ မုံရွာမြို့ကြီးများ မှတဆင့် ဝယ်ယူရကြောင်း၊ ယခုအခါ ချည်ဈေးနှုန်း မြင့်တက် လာသောကြောင့် ဒေသတွင်း ချည်မျိုးစုံလိုအပ်ချက်များ ဖြည့်ဆည်းပေးစေလိုကြောင်းနှင့် ဝါသီးနှံအပါအဝင် အခြားသီးနှံမျိုးစုံဖြစ်ထွန်း အောင်မြင်စွာ စိုက်ပျိုးလုပ်ကိုင်နိုင်ရေး စိုက်ပျိုးရေများ ဖူလုံစွာရရှိရေး ဆောင်ရွက် ပေးစေလိုကြောင်း အသီးသီးတင်ပြကြသည်။
ဆက်လက်၍ ဝန်ကြီးချုပ်က ခေတ်နှင့်အညီ ချည်ကုန်ကြမ်းများနှင့် စက်ပစ္စည်းများ ဖြည့်ဆည်း ပေးနိုင်ရေးအတွက် သက်ဆိုင်ရာ စက်ရုံများနှင့် ညှိနှိုင်းပေါင်းစပ် ဆောင်ရွက် ပေးမည်ဖြစ်ကြောင်း၊ စိုက်ပျိုးရေရရှိရေး သက်ဆိုင်ရာတာဝန်ရှိသည့် ဌာနမှ ကွင်းဆင်း စစ်ဆေးရေးနှင့် ဝါသီးနှံစိုက်ဧက တိုးချဲ့စိုက်ပျိုးရေး ကြိုးစားဆောင်ရွက်ကြရန် နိဂုံးချုပ် အမှာစကား ပြောကြားသည်။
တွေ့ဆုံဆွေးနွေးပွဲသို့ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီး ဦးစိုးပိုင်မြင့်နှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီး သူရသွင်ကိုကို၊ ခရိုင်နှင်မြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်ဌာနဆိုင်ရာများ၊ ဒေသခံ ချည်ထည် လုပ်ငန်းရှင်များ တက်ရောက်ကြကြောင်း သိရသည်။
ဆလိုင်းကိုကီး(ပြန်/ဆက်)