ကော့ကရိတ် အောက်တိုဘာ ၈
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ပညာသင်ကြားလျက် ရှိသော အသက် (၁၂)နှစ်အထက် ကျောင်းသား၊ ကျောင်းသူများအား ကာကွယ်ဆေးများထိုးနှံနိုင်ရန် ဆောင်ရွက်ထားရှိမှုနှင့် ပတ်သက်၍ ခရိုင်ပညာရေးမှူးအား တွေ့ဆုံမေးမြန်းထားရှိသည်ကို ဖော်ပြလိုက်ပါသည်။
မေး။ အထက်တန်း/အလယ်တန်းကျောင်းတွေမှာ နိုင်ငံတော်ရဲ့ အစီအစဉ်နဲ့ အသက် ၁၂အထက် ကျောင်းသား၊ ကျောင်းသူတွေကို ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံပေးဖို့စီစဉ်နေတယ်လို့ သိရတဲ့အတွက် ဆရာကြီး အနေနဲ့ ကာကွယ်ဆေးထိုးနှံပေးဖို့ ကြိုတင်ပြင်ဆင်ဆောင်ရွက် ထားရှိမှုအခြေအနေကို သိချင်ပါ တယ်ရှင်။
ဖြေ။ စီမံချက်ဆွဲပြီးတော့ ပြင်ဆင်ထားတဲ့အခြေအနေကတော့ ရှိတာပေါ့။ကျွန်တော်တို့ ကော့ကရိတ်မြို့နယ်အတွင်းမှာဆိုရင် ဆေးထိုးစုရပ် (၅)နေရာ သတ်မှတ်ထားတာပေါ့။ ဆေးထိုးမဲ့ ကျောင်းကတော့ အခြေခံပညာ ကျောင်းအနေနဲ့က (၇၄)ကျောင်း၊ ဘကကျောင်း ပါရင်တော့ စုစုပေါင်း (၇၅) ကျောင်းရှိတာပေါ့။ဆေးထိုးဖို့ လျာထားတဲ့ဦးရေက (၇၂၅၉)ဦး၊ ဘကကျောင်းက (၁၀၅)ဦးဆိုတော့ စုစုပေါင်း (၇၃၆၄)ဦးရှိတာပေါ့။ ဆေးထိုး စုရပ်ဖြစ်တဲ့ အထက(၂)ကျောင်း၊ အထက(ကျုံဒိုး)၊ အထက(နဘူး)၊ အထက (ကော့ဘိန်း)နှင့် အထက (ကမ်းနီ)စတဲ့ ကျောင်းတွေနဲ့ အနီးပတ်ဝန်း ကျင်မှာရှိတဲ့ ကျောင်းသားတွေကို ထိုးနှံပေးသွား မှာပေါ့။ ကြာအင်းဆိပ်ကြီးမြို့နယ်မှာတော့ ဆေးထိုးစုရပ် (၇)နေရာမှာ ထိုးနှံပေးသွားမှာ ပေါ့။အခြေခံပညာကျောင်း ကတော့ အထက်တန်းအဆင့် (၁၈)ကျောင်း၊ အလယ်တန်းအဆင့် (၂၀)ကျောင်း စုစုပေါင်း (၃၈) ကျောင်း ရှိတာပေါ့။ဆေးထိုးဖို့ လျာထားတဲ့ဦးရေက (၃၈၈၈)ဦး ရှိတာပေါ့။ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ကျန်းမာ ရေးဦးစီးဌာန၊ မီးသတ်ဦးစီးဌာန၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး စသည့် ဌာနဆိုင်ရာများ၊ လူမှုရေး အသင်းအဖွဲ့များ၊ ကျောင်းသားမိဘများနှင့် ပူးပေါင်းပြီး ကာကွယ်ဆေးထိုးနှံနိုင်ရေးကို ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ကြိုတင်ပြင်ဆင်တယ်ဆိုတာက ကျွန်တော်တို့ ပညာရေး ဌာနအနေ့နဲ့ လုပ်ရ မှာက ဆေးထိုးတဲ့ ကျောင်းသား၊ ကျောင်းသူစာရင်းကို ပြုစုပေးတယ်၊ ဆေးထိုးမဲ့လူစာရင်းကို ကျွန်တော်တို့က မြေပြင်မှာ ဆရာ၊ ဆရာမတွေနဲ့ ကွင်းဆင်းပြီးတော့ ကောက်ရတာပေါ့။ကောက်ပြီးမှ ရတဲ့စာရင်းကို ကျွန်တော်တို့ VMISနည်းစနစ်ဖြင့် ကွန်ပျူတာထဲမှာ ထည့်သွင်းဆောင်ရွက်သွားမှာဖြစ်ပါတယ်။
မေး။ ကျောင်းသား၊ ကျောင်းသူတွေကို စုရပ်တွေမှာ ကာကွယ်ဆေးထိုးနှံဖို့အတွက် အသိပေးချက် တွေကို ဘယ်လို ဆောင်ရွက်ထားပါသလဲရှင်။
ဖြေ။ အသိပေးတဲ့လုပ်ငန်းက ကျွန်တော်တို့ ကျန်းမာရေးက လုပ်ပေးရမှာဖြစ်ပါတယ်။ ကျွန်တော် တို့ ပညာရေးအနေ နဲ့ကတော့ စာရင်းပြုစုပေးရမယ်။ ဆေးထိုးတဲ့အခါကျရင် ကျောင်းသား၊ ကျောင်းသူတွေကို ဘယ်နေရာတွေမှာ စုမယ်၊ ဘယ်ကျောင်းက ဦးရေဘယ်လောက်ထိုးမယ် ဆိုတာကို ကျန်းမာရေးနဲ့ ချိတ်ရတာပေါ့။ဆရာ၊ ဆရာမ တွေအနေနဲ့လည်း သက်ဆိုင်ရာ ကျောင်းသားမိဘတွေကိုတော့ အသိပညာပေးလုပ်ငန်းတွေ ဆောင်ရွက်သွား မှာဖြစ်ပါတယ်။
မေး။ မကြာခင်မှာ အခြေခံပညာကျောင်းတွေပြန်ဖွင့်တော့မယ်လို့ သိရပါတယ်။ဆရာ၊ ဆရာမတွေ အားလုံးရော ကာကွယ်ဆေးထိုးနှံထားပြီးပါသလားရှင်။
ဖြေ။ ကာကွယ်ဆေးကတော့ ထိုးပြီးတဲ့ ဆရာ၊ ဆရာမတွေလည်း ရှိတယ်၊ မထိုးရသေးတဲ့ဆရာ၊ ဆရာမတွေလည်း ရှိတာပေါ့။ကော့ကရိတ်မြို့နယ်အတွင်းမှာ ဆေးထိုးနှံပြီးတဲ့ ဆရာ၊ ဆရာမတွေရဲ့ ရာခိုင်နှုန်းက (၈၄)ရာခိုင်နှုန်း ရှိပြီး၊ ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်းမှာတော့ ဆေးထိုးနှံပြီးတဲ့ ဆရာ၊ ဆရာမတွေရဲ့ ရာခိုင်နှုန်းက (၁၄) ရာခိုင်နှုန်းသာ ရှိပါတယ်။
မေး။ အသက် ၁၂အထက် ကျောင်းသား/သူတွေကို ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ထိုးနှံပေးမှုအပေါ် ဆရာကြီးရဲ့ ပီတိစကားသံလေးကို ပြောကြားပေးပါဦးရှင့်။
ဖြေ။ ဆေးထိုးပြီးပြီဆိုတော့ ကျောင်းသား၊ ကျောင်းသူတွေအနေနဲ့ ကျောင်းပြန်တက်တဲ့အခါ ကျရင် လုံလုံခြုံခြုံနဲ့ ကျောင်းတက်နိုင်မှာပေါ့။ဒါပေမဲ့လို့ အပြည့်အဝကာကွယ်နိုင်လာ ဆိုတော့ အပြည့်အဝကြီးတော့ ကာကွယ်နိုင် မယ်လို့တော့ ကျွန်တော်မထင်ဘူး။ အချို့က လည်း ကာကွယ်ဆေးထိုးထားပြီးဆိုတော့ ပေါ့ပေါ့ဆဆနဲ့နေကြ တဲ့အခါမှာတော့ ကူးကြတာ ပါပဲ။ ဒါပေမဲ့လည်း ကာကွယ်ဆေးထိုးထားပြီဆိုတော့ ကိုယ်ခံအားကတော့ ကောင်းတာပေါ့၊ ကျန်းမာရေးဝန်ကြီးဌာနရဲ့ ကိုဗစ်ကာကွယ်ဆိုင်ရာသတ်မှတ်စည်းကမ်းချက်နှင့်အညီ လိုက် နာနေထိုင်ဖို့ကတော့ လိုတာပေါ့။ယခုလို ကျောင်းသား၊ ကျောင်းသူတွေကို ကာကွယ်ဆေးထိုး ပေးတဲ့အတွက် လည်း ဝမ်းသာမိပါတယ်။
စောအောင်မျိုးလွင်