ပင်လယ်ပျော်ဆလုံတိုင်းရင်းသားများအားကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံပေး

ကော့သောင်း၊ အောက်တိုဘာ ၈

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ကော့သောင်းမြို့နယ်၊ ဇာဒက်ကြီးကျေးရွာအုပ်စု၊ ဇာဒက်ကြီးကျွန်း၊ တလွန်းဆလုံတိုင်းရင်းသား ကျေးရွာမှ ဆလုံတိုင်းရင်းသားများအား  အောက်တိုဘာလ ၇ ရက်နေ့၊ နံနက်ပိုင်း က ကော့သောင်းခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကိုဗစ် ၁၉ ရောဂါကာကွယ်ဆေး သွားရောက်ထိုးနှံပေးခဲ့ကြောင်းသိရသည်။

မြန်မာနိုင်ငံတောင်ဖက်စွန်း ပင်လယ်ကျွန်းတစ်ချို့သည် ပင်လယ်ပျော်လူသားမျိုးနွယ်စု တစ်ခုဖြစ်သည့် မော်ကင်း(ခေါ်) ဆလုံလူမျိုးများ နေထိုင်ကျက်စားရာဒေသများဖြစ်ပြီး ရှားပါးလူသား မျိုးနွယ်စုလည်းဖြစ်ရာ ယနေ့ကမ္ဘာနှင့် အဝှမ်းကူးစက်ဖြစ်ပွားနေသည့် ကိုဗစ်၁၉ရောဂါ ဆလုံလူမျိုးများအများစုနေထိုင်ရာ ကျေးရွာများသို့ကူးစက်ပျံ့ပွားမှုမရှိစေရန် ကော့သောင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏စီစဉ်ကြီးကြပ်မှုဖြင့် ကျန်းမာရေးဦးစီးဌာနနှင့် တာဝန်ရှိအဖွဲ့အစည်းများ ပူးပေါင်း သွားရောက်ထိုးနှံပေးခြင်းဖြစ်သည်။

ကာကွယ်ဆေးထိုးနှံမှုတွင် ဇာဒက်ကြီးကျွန်းပေါ်ရှိ တလွန်းဆလုံကျေးရွာမှ ဆလုံတိုင်းရင်းသားများ အပါအဝင်ကျေးရွာနေပြည်သူ (၃၃၀) ဦး အား ကိုဗစ်၁၉ရောဂါကာကွယ်ဆေး Sinovac အား ပထမကြိမ်ထိုးနှံပေးခဲ့ကြခြင်းဖြစ်ပြီး အလားတူ ကော့သောင်းခရိုင်ပင်လယ်ပြင်အတွင်းရှိ အခြားကျွန်းများပေါ်မှ ကျေးရွာများရှိ ကျေးလက်ပြည်သူများအားလည်း ဆက်လက်ထိုးနှံပေး သွားမည်ဖြစ်ကြောင်းသိရသည်။

ကျော်စိုး (ကော့သောင်း)