ရှမ်းရွာသစ်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ကရင်၊ မြန်မာ နှစ်ဘာသာဖြင့် အသိပညာပေး နှိုးဆော်ခြင်း

ရှမ်းရွာသစ် အောက်တိုဘာ ၈

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုကို အမြန်ကာကွယ်တားဆီး ထိန်းချုပ်နိုင်ရေးအတွက် အသိပညာပေးခြင်းလုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ  ယနေ့နံနက်ပိုင်း တွင် ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသော ပြည်သူသို့ အသိပေးပန်ကြားချက်များကို ဒေသနေပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိလိုက်နာကြစေရန်အတွက် ကရင်၊ မြန်မာ နှစ်ဘာသာဖြင့် အသိပညာပေး နှိုးဆော်မှုများကို ယနေ့ နံနက်ပိုင်းတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ အသိပညာပေး လုပ်ငန်းတွင် ရှမ်းရွာသစ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဝန်ထမ်းများက မိဘပြည်သူများအနေဖြင့် မိမိတို့အိမ်အတွင်း၌သာ နေထိုင်ကြရန်၊ ပြင်ပမှ လာသောဧည့်သည်များ လက်မခံကြရန်၊ အခြားသူများထံသို့ သွားရောက်လည်ပတ်ခြင်း မပြုရန်၊ မဖြစ်မနေ အရေးကြီးကိစ္စကြောင့် အပြင်ထွက်ရပါက ပါးစပ်နှင့် နှာခေါင်းစည်း (Mask) များကို စနစ်တကျ တပ်ဆင်ကြရန်၊ လူစုလူဝေး ပြုလုပ်ခြင်းကို ရှောင်ကြဉ်ကြရန်၊ လက်ကို စက္ကန့် (၂၀)ကြာအောင် စနစ်တကျ ဆေးကြောကြရန်၊ မိမိတို့၌ ရောဂါပိုး ကူးစက်သည်ဟု သံသယရှိပါက နီးစပ်ရာ ကျန်းမာရေးဌာနများသို့ ဆက်သွယ်အကြောင်းကြားကြရန် စသည့်အချက်များကို စကောကရင်ဘာသာနှင့် မြန်မာ ဘာသာတို့ဖြင့် ရပ်ကွက်များ အတွင်း လှည့်လည်၍ အသံချဲ့စက်ဖြင့် လိုက်လံနှိုးဆော်ခဲ့ကြောင်း သိရှိရသည်။

ရှမ်းရွာသစ်(ပြန်/ဆက်)