သာယာဝတီ အောက်တိုဘာ ၈
ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ တာဝန်ရှိသူများ လိုက်ပါလျက် သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ် အ.က.က (သဲဖြူ)ကျောင်းတွင် ယမန်နေ့မွန်းလွဲပိုင်းက "ပန်းခင်း" စီမံချက်ဖြင့် ဆောင်ရွက်ခဲ့သည့် နိုင်ငံသားစိစစ်ရေးကတ်ပြားများနှင့် အိမ်ထောင်စုလူဦးရေစာရင်း ပေးအပ်ပွဲအနားသို့ တက်ရောက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ သာယာဝတီခရိုင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ခရိုင်ဦးစီးမှူး ဦးလှမျိုးထွန်းက "ပန်းခင်း" စီမံချက်ဖြင့် ဆောင်ရွက်နေမှုအခြေများအား ရှင်းလင်းတင်ပြရာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့သည်။
ဆက်လက်ပြီး ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်မှ ကျွန်းကုန်းကျေးရွာအုပ်စုအတွင်းရှိ လူဦးရေ(၁၃၆) ဦးအားလည်းကောင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ နယ်စပ်ရေးရာနှင့် လုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီး လှမျိုးဆွေမှ အလယ်ကုန်းရပ်ကွက်အတွင်းရှိ လူဦးရေ (၉၃)ဦးအားလည်းကောင်း၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီး ဦးတင်ဦးမှ ရွာမကျေးရွာအုပ်စုအတွင်းရှိ လူဦးရေ(၆၆)ဦးအား လည်းကောင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီးကျော်ထွဋ်မှ လူဦးရေ(၅၀)ဦးအားလည်းကောင်း နိုင်ငံသားစိစစ်ရေးကတ်ပြားများ ထုတ်ပေးခဲ့ကြကြောင်း သိရသည်။
ဆက်လက်ပြီး သာယာဝတီမြို့နယ် ဆရာမခန်းမ၌ ကိုဗစ်-၁၉ ကူးစက်ရောဂါ(တတိယလှိုင်း)တွင် ကူညီပါဝင် ဆောင်ရွက်ခဲ့သော ပရဟိတအသင်းအဖွဲ့များအား ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။
သန့်ဇော်