ကလေးမြို့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ပထမအကြိမ် တတိယနေ့ ဆက်လက်ထိုးနှံပေး

ကလေး အောက်တိုဘာ ၇

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးမြို့၌ ကိုဗစ်-၁၉ ရောဂါ ထိရောက်စွာ ကာကွယ်တားဆီးနိုင်ရေးအတွက် သက်ဆိုင်ရာနယ်မြေ၊ ရပ်ကွက်များအလိုက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများထိုနှံပေးရာ ဦးတည်အုပ်စုများတွင် အသက် ၅၅ နှစ်နှင့်အထက်ရှိသူများ၊ မသန်စွမ်းသူများ၊ နာတာရှည်နှင့် မကူးစက်နိုင်သောရောဂါရှိသူများကို ယနေ့နံနက် ၉ နာရီမှ ၁၂ နာရီအချိန်အထိ ပြည်သူ့ကျန်းမာရေးဌာနမှဝန်ထမ်းများက သတ်မှတ်စုရပ်များတွင် ပထမအကြိမ် တတိယနေ့ ဆက်လက်ထိုးနှံပေးခဲ့ကြောင်း သိရသည်။

 

ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများထိုးနှံပေးရာ သတ်မှတ်စုရပ်နေရာဖြစ်သည့် မြို့နယ် စုပေါင်းရုံတွင် အောင်မြေမာန်ရပ်ကွက်၊ အောင်မင်္ဂလာရပ်ကွက်၊ အောင်သစ္စာရပ်ကွက်၊ အောင်ဇေယျရပ်ကွက်နှင့် အောင်မတ္တာရပ်ကွက်၊ ညောင်ပင်သာရပ်ကွက်၊ မြို့သာရပ်ကွက်နှင့် မင်္ဂလာဥယျာဉ်ရပ်ကွက်တို့ကိုလည်းကောင်း၊ မြို့တော်ခန်းမစုရပ်တွင် ချမ်းမြေ့အောင်စည် ရပ်ကွက်၊ ပင်လုံရပ်ကွက်၊ တပ်ဦးသီတာရပ်ကွက်၊ သဇင်ရပ်ကွက်နှင့် စမ်းမြို့ရပ်ကွက်၊ တာဟန်းရပ်ကွက်၊ တောင်ဖီလာရပ်ကွက်၊ လှိုင်သာယာရပ်ကွက်၊ တောင်ဇလပ်ရပ်ကွက်၊ ကြို့သုံးပင်ရပ်ကွက်၊ မြို့လှရပ်ကွက်နှင့် အင်ဒိုင်းကုန်းရပ်ကွက်တို့တွင်နေထိုင်သူများသည် သက်ဆိုင်ရာရပ်ကွက် စုရပ်များတွင် မှတ်ပုံတင်(သို့မဟုတ်) အိမ်ထောင်စုစာရင်း အားယူဆောင်၍ စာရင်းပေးသွင်းပြီး ကာကွယ်ဆေးများ လာရောက်ထိုးနှံနိုင်ကြောင်း ကိုဗစ်-၁၉ ရောဂါကုသရေး နှင့် အရေးပေါ် တုန့်ပြန်ရေးကော်မတီထံမှ သိရသည်။  

 

ကလေးမြို့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို လူဦးရေစုစုပေါင်း (၁၈၈၅၀)ဦးကို ကာကွယ်ဆေးထိုးနှံပေးခဲ့ပြီး ကိုဗစ်-၁၉ ရောဂါပိုးစစ်ဆေးတွေ့ရှိသူများကို ကုတင်(၃၀၀) ပြည်သူ့ ဆေးရုံနှင့် တိုင်းရင်းဆေးရုံတို့တွင် ကုသပေးလျှက်ရှိကြောင်းသိရသည်။

မောင်ကျော်(ပြန်/ဆက်)