ပန်းတနော် အောက်တိုဘာ ၇
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်တွင် အသက် ၁၂ နှစ်အထက် ကျောင်းသား/သူ များအား ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးရာတွင် အောင်မြင်စွာဆောင်ရွက်နိုင်ရေးအတွက် ယနေ့နံနက် ၉ နာရီက ပြည်လုံးချမ်းသာ သာသနာ့ဗိမာန်တွင် ပေါင်းစပ်ညှိနှိုင်း ဆွေးနွေးခဲ့သည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးဆန်းဗိုလ်က အသက် ၁၂ နှစ်အထက် ကျောင်းသား/သူများအား ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးရေးအတွက် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဆရာ/မများ၊ မိဘပြည်သူများနှင့် ပေါင်းစပ်ညှိနှိုင်း လုပ်ဆောင်ခြင်းဖြင့် အောင်မြင်စွာဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း အကျယ်တဝင့် ဆွေးနွေးပြောကြားခဲ့ပြီး မြို့နယ်ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာအေးမင်းသန်း၊ မြို့နယ်ပညာရေးမှူး၊ ဌာနဆိုင်ရာတာဝန်ရှိသူတို့မှ အလယ်တန်း၊ အထက်တန်းကျောင်းအုပ်(၈၆) ဦးတို့နှင့် တွေ့ဆုံ၍ ကျောင်းသား/သူ စာရင်းပြုစုထားရှိမှုများ၊ စုရပ်အလိုက်ဆေးထိုးရာတွင် ကြိုတင်ပြင်ဆင်ရမည့် ကိစ္စရပ်များ၊ ဆေးထိုးနှံပြီးသူများအား စာရင်းရေးသွင်းရန်၊ကျောင်းသား/ သူများအားလုံး ကိုဗစ်- ၁၉ ရောဂါ ကာကွယ် ဆေးလာရောက်ထိုးနှံရေး မိဘများနှင့်ကြိုတင်တွေ့ဆုံဆွေးနွေးရန်နှင့် ခွင့်ပြုချက်ရယူရန်၊ ကျောင်းသား/သူများ၏ အသက်၊ မွေးသက္ကရာဇ် အချက်အလက်များ မမှားစေရေး၊ သွားလာရေး၊ လုံခြုံရေးစသည့် ကိစ္စရပ်များအား လိုအပ်ချက်များမဖြစ်စေရေး ပေါင်းစပ်ညှိနှိုင်းကြိုတင်ပြင်ဆင်၍ စနစ်တကျ ဆောင်ရွက်နိုင်ရေးတို့အား အပြန်အလှန်ဆွေးနွေးမေးမြန်းခဲ့ကြောင်း သိရသည်။