အီးအမ်ဘိုကာရှီ သဘာဝမြေဩဇာပြုလုပ်နည်းအား လက်တွေ့ကွင်းသရုပ်ပြပွဲ ပြသဆောင်ရွက်

အင်းတော်  အောက်တိုဘာ  ၇

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ အင်းတော်မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ အီးအမ်ဘိုကာရှီ သဘာဝမြေဩဇာ ပြုလုပ်ခြင်းနှင့် သုံးစွဲပုံ သုံးစွဲနည်းများကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများ နှင့် ဒေသခံတောင်သူများက အောက်တိုဘာလ ၇ ရက်နေ့၊ နံနက်ပိုင်းက အင်းတော်မြို့ နန့်ခင့်ကျေးရွာ အုပ်စု၊  အင်းရွာကျေးရွာ  တောင်သူ ဦးချစ်ဖေ၏ မိုးစပါးစိုက်ခင်းအတွင်းတွင် လက်တွေ့ ပြုလုပ်ပြသ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

 

အင်းတော်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် ဒေသအတွင်းရှိ တောင်သူလယ်သမားများနှင့် စိုက်ပျိုးရေး လုပ်ငန်းရှင်များကို သဘာဝမြေဩဇာများ လက်တွေ့ပြုလုပ်သုံးစွဲနိုင်ရေးအတွက် လည်းကောင်း၊ မိမိတို့ကိုယ်တိုင် သဘာဝမြေဩဇာ ပြုလုပ်သုံးစွဲသည့် အလေ့အထကောင်းများ ရရှိလာနိုင်စေရေးအတွက်လည်းကောင်း၊ သဘာဝမြေဩဇာသုံးစွဲခြင်းဖြင့် ဘေးအန္တရာယ်ကင်းရှင်းသော ဒေသထွက်ကုန်များ ရရှိလာနိုင်ရေးအတွက်လည်းကောင်း၊ သဘာဝမြေဩဇာသုံးစွဲခြင်းဖြင့် သီးနှံမျိုးစုံ နှင့် အပင်များ၏ ဖွံ့ဖြိုးတိုးတက်လာမှုများ၊ သီးနှံနှင့် အပင်ကို ဖျက်ပိုးများ၏ တိုက်ခိုက်ဖျက်ဆီးမှု အခြေအနေ၊ ခံနိုင်ရည်ရှိမှု အခြေအနေများကို သိရှိနိုင်ရေးအတွက်လည်းကောင်း၊ သဘာဝ မြေဩဇာ ပြုလုပ်သုံးစွဲခြင်း၏ အကျိုးကျေးဇူးများကို သိရှိနိုင်စေရန်အတွက်လည်းကောင်း ရည်ရွယ်၍ ယခုကဲ့သို့ နည်းပညာပေးလက်တွေ့ပြသဆောင်ရွက်ရခြင်းဖြစ်ပါကြောင်း၊ ဒေသအတွင်းရှိ သီးနှံစားသုံးသူ ပြည်သူ များအနေဖြင့်လည်း ဘေးအန္တရာယ်ကင်းရှင်းသော သဘာဝစားသောက်ကုန် သီးနှံများကို ရရှိစားသုံးနိုင် စေရေးအတွက်လည်းကောင်း ရည်ရွယ်ဆောင်ရွက်ရခြင်းဖြစ်ပါကြောင်း အင်းတော်မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှူး ဦးသိန်းခိုင် က ပြောသည်။

 

အဆိုပါ လက်တွေ့ကွင်းသရုပ်ပြပွဲ အခမ်းအနားသို့ အင်းတော်မြို့နယ် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ ဥက္ကဋ္ဌ ဦးမင်းနိုင်အောင်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ စိုက် ပညာရှင် ဝန်ထမ်းများ၊ ဒေသခံတောင်သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

 

ကျော်သီဟ(ပြန်/ဆက်)