မြိတ်ခရိုင်အတွက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဒုတိယအသုတ် ပထမအကြိမ် ထိုးနှံပေးမည့် ဆေး(၄၀၀၀၀) ထပ်မံရောက်ရှိ

မြိတ်   အောက်တိုဘာ   ၇

တနင်္သာရီတိုင်းဒေသကြီး  မြိတ်ခရိုင်တွင် ကိုဗစ်ရောဂါ ကာကွယ်ဆေးကို ဦးစားပေးအစီအစဉ် အလိုက် ထိုးနှံပေးလျက်ရှိရာ  ယနေ့ နံနက်ပိုင်းတွင်  မြိတ်လေဆိပ်သို့ တပ်မတော်လေယာဉ်ဖြင့်  မြိတ်ခရိုင်ရှိ လူဦးရေ (၄၀၀၀၀)ဦးအတွက် ဒုတိယအသုတ် ပထမအကြိမ် ဆက်လက်ထိုးနှံပေးမည့် ကိုဗစ်ကာကွယ်ဆေး ထပ်မံရောက် ရှိလာခဲ့သည်။

ထပ်မံရောက်ရှိလာသည့် ကိုဗစ် ကာကွယ်ဆေးများကို တာဝန်ရှိသူများက လွဲပြောင်းပေးအပ်ခဲ့ရာ ဒုတိယခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာရင်ရင်နွဲ့က လက်ခံရယူခဲ့ပြီး ခရိုင်အတွင်းရှိ မြို့နယ်များသို့ ဆက်လက်ဖြန့်ဖြူး ပေးအပ်ခဲ့သည်။  ကိုဗစ်ကာကွယ်ဆေးများတွင် မြိတ်မြို့နယ်မှ (၁၅၀၀၀)ဦး၊ ကျွန်းစုမြို့နယ်မှ (၇၀၀၀) ဦး၊ ပုလောမြို့နယ်မှ(၉၀၀၀)ဦး၊ တနင်္သာရီမြို့နယ်မှ (၉၀၀၀)ဦး တို့အား ဒုတိယအသုတ် ပထမအကြိမ်အဖြစ် ဦးစားပေးအစီအစဉ်အလိုက် ဆက်လက် ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မြိတ်ခရိုင်တွင် ကိုဗစ်ကာကွယ်ဆေး  Sinopharm ကို ပထမအသုတ် ပထမအကြိမ်တွင် လူဦးရေ (၂၃၉၆၂) ဦး နှင့် ဒုတိယအကြိမ်တွင် လူဦးရေ စုစုပေါင်း(၂၂၁၄၅)ဦးကို ထိုးနှံပြီးစီးခဲ့ပြီး ဒုတိယ အသုတ် ပထမအကြိမ်အဖြစ် (၄၈၈၃၅)ဦးကို ထိုးနှံပေးပြီးဖြစ်ကာ ယခုရောက်ရှိလာသည့် (၄၀၀၀၀) ဦးအတွက်ကိုလည်း ဦးစားပေးအစီအစဉ် အလိုက် ဆက်လက်ထိုးနှံ ပေးသွားမည်ဖြစ်ကြောင်း မြိတ်ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာန က သိရသည်။

ခိုင်ထူး ( မြိတ် )