တရုတ်နိုင်ငံသံရုံးမှ ကျွန်းစုမြို့နယ် ပထက်ကျေးရွာ အထကကျောင်းသို့ ကွန်ပျူတာများ၊ သုတရသစာအုပ်များ၊ ဗလာစာအုပ်များနှင့် စာရေးကိရိယာများ၊ အားကစားပစ္စည်းများ လှူဒါန်း

ကျွန်းစု  မတ်  

မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံရုံးမှ တနင်္သာရီတိုင်းဒေသကြီး  ကျွန်းစုမြို့နယ် မအိုင်ကျေးရွာအုပ်စု ပထက်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်းတွင် ကွန်ပျူတာများ၊ သုတရသစာအုပ်များနှင့် ကျောင်းသား/ သူများအတွက် ဗလာစာအုပ်များ၊ စာရေးကိရိယာများ၊ အားကစားပစ္စည်းများ လှူဒါန်းပွဲကို ယနေ့ နံနက် (၁၁) နာရီခွဲက အဆိုပါကျောင်း ကျွန်းရွှေဝါခန်းမတွင် ကျင်းပခဲ့ကြသည်။

မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံအမတ်ကြီး H.E Mr Chen Hai ၊ ဇနီး Mrs.Wang Yan နှင့်  သံရုံးအဖွဲ့ဝင်များ အထက (ပထက်)ကျောင်းသို့ ရောက်ရှိခဲ့ရာတွင် ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/မများနှင့် ကျောင်းဘင်ခရာအဖွဲ့မှ ကြိုဆိုခဲ့ကြပြီး လှူဒါန်းပွဲတွင် တရုတ်နိုင်ငံသံအမတ်ကြီးနှင့်အဖွဲ့အား ကျောင်းသား/ သူများက တေးသီချင်းများ ၊ အကအလှများဖြင့် ကြိုဆိုဂုဏ်ပြုဖျော်‌ဖြေတင်ဆက်ခဲ့ကြသည်။

ထို့နောက် မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံအမတ်ကြီး H.E Mr Chen Hai က နှုတ်ခွန်းဆက်အမှာစကားပြောကြားပြီး တရုတ်နိုင်ငံသံရုံးမှ  အထက(ပထက်)ကျောင်းအတွက် Computer ၂၀ စုံ၊ Printer ၁ လုံး၊  သုတရသစာအုပ် (၁၀၀) အုပ်နှင့် ကျောင်းသား/သူများအတွက် ကျောပိုးအိတ် (၅၀) လုံး၊ ဗလာစာအုပ်များနှင့် ကာလာခဲတံ (၅၀) ပါကင်၊ ကွန်ပါဗူး(၅၀)ဗူး၊ ဘတ်စကတ်ဘော ဘောလုံး(၅)လုံး၊  ကြက်တောင်ရိုက်တံ (၁၀) စုံ၊ စားပွဲတင်တင်းနစ်စားပွဲ(၂)စုံနှင့် စားပွဲတင်တင်းနစ်ရိုက်တံ(၁၀)စုံ  စုစုပေါင်းတန်ဖိုး (၁၃၆၈၅၀၀၀)ကျပ်ကို လှူဒါန်းခဲ့ကြရာ ကျောင်းအကျိုးတော်ဆောင် ဥက္ကဋ္ဌ ဦးလှသန်းနှင့် ကျောင်းအုပ်ဆရာမကြီး ဒေါ်မေမြင့်လွင်က လက်ခံရယူပြီး ကျောင်းအုပ်ဆရာမကြီးက ဂုဏ်ပြုမှတ်တမ်း ပြန်လည်ပေးအပ်၍ ကျေးဇူးတင်စကား ပြောကြားခဲ့ကြကြောင်း သိရသည်။

ခိုင်ထူး ( မြိတ် ပြန်/ဆက် )