ကိုကိုးကျွန်းမြို့နယ်တွင် မိုးရာသီ ချစ်ကြည်ရေး ဘောလုံးပွဲ ကျင်းပ

ကိုကိုးကျွန်း  အောက်တိုဘာ ၇

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင် ကိုကိုးကျွန်းမြို့နယ်တွင် မိုးရာသီဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲ( ၃:၅၀) အချိန်တွင် ကျင်းပခဲ့ကြောင်း သိရသည်။

အခမ်းအနား ဖွင့်ပွဲတွင် အမှတ်(၃) ရန်ကုန်တိုင်းစစ်ဗျူဟာမှူး ဗိုလ်မှူးကြီးဇင်‌မောင်သွင်မှ အမှာစကား ပြောကြားရာတွင် ကိုကိုးကျွန်းမြို့နယ်၏ ၂၀၂၁ ခုနှစ် မိုးရာသီဘောလုံးပြိုင်ပွဲ ဖွင့်ပွဲနေ့ဖြစ်ကြောင်း  မိုးရာသီဘောလုံးပြိုင်ပွဲအား ကိုဗစ်- ၁၉ ကာကွယ်ရေးစည်းကမ်းများနှင့်အညီ ကျင်းပပြုလုပ်သွားမည် ဖြစ်ကြောင်း၊ ယခုပြိုင်ပွဲအား တပ်၊ ဌာနဆိုင်ရာ ဒေသခံပြည်သူများ ပေါင်းစပ်ဖွဲ့စည်းထားပြီး စုပေါင်းပါဝင် ယှဉ်ပြိုင်ကြတာ ဖြစ်ကြောင်း၊  အားကစားစိတ်ဓာတ်အပြည့် နိုင်လိုစိတ်အပြည့်နှင့် စည်းကမ်းတကျ ယှဉ်ပြိုင်သွားကြဖို့ တိုက်တွန်းလိုကြောင်း၊ ဘောလုံးပြိုင်ပွဲ ကျင်းပကြတဲ့ ရည်ရွယ်ချက်ကတော့ ကျန်းမာရေး ကောင်းမွန်ပြီး၊ ကြံ့ခိုင်သန်စွမ်းတဲ့ လူသားအရင်းမြစ်တွေ ဖြစ်လာစေဖို့ အသင်းလိုက် အားကစားသမားများ အချင်းချင်း ချစ်ကြည်ရင်းနှီးမှု ပိုမိုရရှိစေဖို့ အသင်းအဖွဲ့စိတ်ဓာတ် အသင်းလိုက် ပူးပေါင်းဆောင်ရွက်တတ်သည့် စိတ်ဓာတ်ရရှိစေဖို့၊ ကျွန်းသူကျွန်းသားများ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် လုံခြုံရေးတာဝန် ထမ်းဆောင်နေသော အရာရှိ စစ်သည် မှီခိုသူ မိသားစုဝင်များအတွက် ပျော်ပွဲရွှင်ပွဲ တစ်ခုသဖွယ် ဆောင်ရွက်ပေးနိုင်ဖို့ တပ်ဘက်၊ အရပ်ဘက် ယခုထက်ပိုမိုစည်းလုံးမှု ရင်းနှီးမှု ရရှိစေဖို့ စသည့် ရည်ရွယ်ချက်များဖြင့် ပြိုင်ပွဲ ကျင်းပရခြင်းဖြစ်ကြောင်း ဘောလုံးအားကစားယှဉ်ပြိုင်ခြင်းရဲ့ အကျိုးရလဒ်တွေကတော့ တစ်ဦးချင်းကျန်းမာကြံ့ခိုင်မှု  ရရှိစေခြင်း၊ သက်လုံကောင်းစေခြင်း၊ အားကစား စိတ်ဓာတ်ရရှိစေခြင်း၊ လူအများနှင့် ပေါင်းသင်းဆက်ဆံတတ်စေခြင်း၊ ဘောလုံး ကစားသည့်စနစ်အား ကျွမ်းကျင်တတ်မြောက်စေခြင်း၊ စည်းကမ်းလိုက်နာတတ်စေခြင်း၊ အသင်းအဖွဲ့ စိတ်ဓာတ်ရရှိစေခြင်း၊ အသိမိတ်ဆွေရရှိစေခြင်း စတဲ့ အကျိုးကျေးဇူးတွေ ရရှိမှာ ဖြစ်ကြောင်း ဘောလုံးကစားခြင်းသည် ကြံ့ခိုင်သန်စွမ်းမှု အသင်းအဖွဲ့လိုက်ဆောင်ရွက်မှု နည်းစနစ်ပိုင်း ကောင်းမွန်မှုတွေကို အခြေခံပြီး ယှဉ်ပြိုင်ရသည့် အားကစားနည်းတစ်ရပ်ဖြစ်ကြောင်း တစ်ဦးချင်းလေ့ကျင့်သားပြည့်ဝပြီး သက်လုံကောင်းဖို့လည်းလိုကြောင်း အသင်းအဖွဲ့လိုက် စုဖွဲ့ယှဉ်ပြိုင်တတ်ဖို့လည်းလိုကြောင်း နည်းစနစ်တူရင် လေ့ကျင့်သားပြည့်ဝသူက အသာရသလို  နည်းစနစ်နှင့် လေ့ကျင့်သားတူရင် အသင်းလိုက်စုစည်းမှု ပိုကောင်းတဲ့အသင်းက အသာရမည် ဖြစ်ကြောင်း အသင်းလိုက်လေ့ကျင့်မှုများကသာ ပြိုင်ပွဲအနိုင်အရှုံး အဆုံးအဖြတ်ပေးသွားမည် ဖြစ်ကြောင်း ပြိုင်ပွဲကျင်းပနေစဉ်အတွင်း စည်းကမ်းလိုက်နာဖို့ဘဲ မှာကြားလိုကြောင်း ပြိုင်ပွဲစည်းကမ်း၊ အားကစားသမားစည်းကမ်း၊ ကွင်းစည်းကမ်းများ ချမှတ်ထားပြီး အထူးအလေးထား လိုက်နာကြစေလိုကြောင်း စည်းကမ်းထိန်းသိမ်းရေး အဖွဲ့အနေဖြင့်လည်း စနစ်တကျ ကြပ်မတ်ကွပ်ကဲသွားဖို့လိုကြောင်း လူအဖွဲ့အစည်းအတွင်း နေထိုင်သူများဖြစ်သည့် အတွက် စည်းကမ်းဟာအရေးကြီးကြောင်း စည်းကမ်းရှိတဲ့နိုင်ငံဟာ ဖွံ့ဖြိုးတိုးတက်မည်ဖြစ်ကြောင်း ချမှတ်ထားတဲ့စည်းကမ်းတွေကို စနစ်တကျလိုက်နာပြီး အားကစား စိတ်ဓာတ်အပြည့်ဖြင့် သန့်သန့်ရှင်းရှင်း ယှဉ်ပြိုင်သွားကြဖို့ အလေးထားမှာကြားလိုကြောင်း ဘောလုံးအားကစား ဖြစ်သည့်အတွက် မိမိအသင်းအနိုင်ရလိုစိတ် အသာစီးရလိုစိတ်ကြောင့် ပြင်းထန်စွာ ယှဉ်ပြိုင်ကြမည် ဖြစ်သော်လည်း ခိုက်ရန်ဖြစ်ပွားမှု ထိခိုက်ဒဏ်ရာရရှိမှု မရှိအောင် စည်းကမ်းတကျ အားကစား စိတ်ဓာတ်အပြည့်ဖြင့် ယှဉ်ပြိုင်ဖို့လိုကြောင်း ပြောကြားသည်။

နိဂုံးချုပ်အားဖြင့် ပြိုင်ပွဲကျင်းပစဉ်ကာကအတွင်း အားကစားသမားများအနေဖြင့် အသင်းလိုက် အားကစား စိတ်ဓာတ် အပြည့်ဖြင့် ယှဉ်ပြိုင်သွားကြရန်၊ အားပေးသည့် ပရိတ်သတ်အနေဖြင့်လည်း စည်းကမ်းတကျ အားပေးသွားကြရန်၊ ခိုက်ရန်ဖြစ်ပွားမှုမရှိပဲ စည်းကမ်းတကျယှဉ်ပြိုင်ကြရန်နှင့် မိမိကိုယ်စားပြုသောအသင်းအဖွဲ့၏ ဂုဏ်သိက္ခာကိုထိန်းသိမ်းပြီး ယှဉ်ပြိုင်ကစားကြရန် ပြောကြားကြောင်း သိရသည်။

ကိုကိုးကျွန်းမြို့နယ်တွင် မိုးရာသီချစ်ကြည်ရေး ဘောလုံးပြိုင်ပွဲအား အသင်းပေါင်း ၈ သင်းဖြင့် လေးသင်းတစ်အုပ်စုဖွဲ့ကာ အုပ်စုနှစ်စုဖြင့် ယှဉ်ပြိုင်ကစားကြမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)