လွိုင်ကော် အောက်တိုဘာ ၇
၂၀၂၁-၂၀၂၂ ခု ၊ (၆)လ ဘဏ္ဍာနှစ်တွင် ဆောင်ရွက်မည့် တည်ဆောက်ရေးလုပ်ငန်းများအတွက် တင်ဒါလုပ်ငန်းများဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းက ကယားပြည်နယ်အစိုးရ အဖွဲ့ရုံး ၊ အစည်းအဝေးခန်းမ၌ကျင်းပခဲ့သည်။
ရှေးဦးစွာ ကယားပြည်နယ်အစိုးရအဖွဲ့ ၊ ပြည်နယ်ဝန်ကြီးချုပ် ဦးခင်မောင်ဦးက ၁/၂၀၁၇ ဘဏ္ဍာရေး စည်းမျဉ်းစည်းကမ်းများနှင့်အညီ တင်ဒါလုပ်ငန်းများကို ဌာနဆိုင်ရာအကြီးအကဲများက တာဝန်ယူပြီး ပြည်နယ်ဝန်ကြီးများ၏ ကြီးကြပ်မှုဖြင့် ဆောင်ရွက်သွားရန် ၊ ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ဌာနဆိုင်ရာ အကြီးအကဲများအနေဖြင့် ပြည်နယ် နှင့် ပြည်သူကိုဗဟိုပြုသည့် အကျိုးပြုလုပ်ငန်းများအား အမှန်တကယ် အကောင်အထည်ဖော်ဆောင်ရွက်နိုင်မည့် ကုမ္ပဏီများနှင့် ချိတ်ဆက်ဆောင်ရွက်သွားရန်၊ တင်ဒါလုပ်ငန်းများ ဆောင်ရွက်ရာတွင် ဌာနဆိုင်အကြီးအကဲများ အနေဖြင့် တာဝန်ယူမှု ၊ တာဝန်ခံမှုဖြင့် ဆောင်ရွက်သွားရန် စသည့် တင်ဒါလုပ်ငန်းများနှင့်ပတ်သက်၍ အဖွင့်အမှာစကား ပြောကြားခဲ့သည်။
ထို့နောက် ကယားပြည်နယ်အစိုးရအဖွဲ့ ၊ ပြည်နယ် စီးပွားရေးရာဝန်ကြီးဌာန ၊ ဝန်ကြီး ဦးစိန်ဦးက တင်ဒါလုပ်ငန်းများနှင့်ပတ်သက်၍ ပြည်သူ့ဘဏ္ဍာပြုန်းတီးမှု မရှိစေရေး ၊ သုံးစွဲသည့်ဘဏ္ဍာငွေနှင့်အညီ ထိုက်တန်သည့် အကျိုးကျေးဇူးများ ရရှိစေရေး နှင့်နိုင်ငံတော်ဘဏ္ဍာငွေများ ရယူသုံးစွဲရာတွင် ပြည်သူလူထုကို တိုက်ရိုက်အကျိုးပြုသည့် လုပ်ငန်းများ ၊ ဒေသန္တာရ ဖွံ့ဖြိုးတိုးတက်ရေးကို အကျိုးပြုသည့် လုပ်ငန်းများ ဆောင်ရွက်နိုင်ရေး စသည်တို့ကို ဆွေးနွေးတင်ပြခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်က နိဂုံးချုပ်အမှာစကားပြောကြား ခဲ့ကြောင်းသိရသည်။
အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ ကယားပြည်နယ်အစိုးရအဖွဲ့ ၊ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ ၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူတို့က တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)