ကသာမြို့ပေါ်ရှိ ဈေးများ၌ ဆောင်းပုရစ်များ စတင်ရောင်းချ

ကသာ အောက်တိုဘာ ၇

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ်အတွင်းရှိ ကျေးရွာနေ ဒေသခံပြည်သူများမှ ဆောင်းကာလအတွင်း ရရှိသော ဆောင်းပုရစ်များကို ကသာမြို့ပေါ်ရှိ ဈေးများအတွင်း၌ အများအပြား လာရောက်ရောင်းချလျက်ရှိသည်။

 

ယခုလက်ရှိတွင် အကောင်ကြီးသည့်ဆောင်းပုရစ်များကို အကောင်(၁၀၀)လျှင် (၈၀၀၀)ကျပ်၊ အကောင်သေးသည့်ပုရစ်များကို တစ်ဘူးလျှင် (၅၀၀)ကျပ်နှုန်းဖြင့် စတင်ရောင်းချရပြီး ကသာမြို့နယ် တွင် ဆောင်းပုရစ်နှင့် မိုးပုရစ်ဟူ၍ တစ်နှစ်လျှင် နှစ်ကြိမ်ရောင်းချရကြောင်း၊ ကသာမြို့နယ်အတွင်းမှ ရရှိသည့်ပုရစ်များကိုလည်း ကသာမြို့ရှိ ဈေးများအပြင် အခြားမြို့များသို့လည်း တင်ပို့ရောင်းချကြောင်း သိရသည်။

 

"ပုရစ်ကတော့ နှစ်တိုင်း ပေါတယ်၊ တစ်နှစ်မှာ ဆောင်းပုရစ်နှင့် မိုးပုရစ်ဆိုပြီးတော့ နှစ်ကြိမ်ရောင်းရတယ်။ ရောင်းရတဲ့ဈေးကတော့ တစ်နှစ်နှင့်တစ်နှစ် မတူဘဲ ရောင်းချသူနည်းရင် နည်းသလို ဈေးကောင်းရရှိတယ်။ ဒီနှစ်မှာတော့ ပုရစ်ရောင်းချသူများတဲ့အတွက် အရင်နှစ်တွေထက် ပုရစ်တွေကို ဈေးလျှော့ပြီး ရောင်းချရတယ်"ဟု ပုရစ်ရောင်းချသူတစ်ဦးထံမှ သိရသည်။

 

ပုရစ်များရောင်းချရာတွင် ဆောင်းကာလအတွင်း ရရှိသည့်ပုရစ်များက မိုးဦးကာလအတွင်း ရရှိသည့်ပုရစ်များထက် ဈေးကောင်းပိုမိုရရှိပြီး ဥပါသည့်ဆောင်းပုရစ်ကို အကောင်(၁၀၀)လျှင် (၈၀၀၀)ကျပ်မှ (၉၀၀၀)ကျပ်အထိနှင့် ဥမပါသည့်ဆောင်းပုရစ်များကို အကောင်(၁၀၀)လျှင် (၅၀၀၀)ကျပ်မှ (၈၀၀၀)ကျပ်အထိ စတင်ရောင်းချရကြောင်း၊ ဈေးများအတွင်း ရောင်းချနေသော ပုရစ်များကိုလည်း စားသုံးသူများက ကြိုက်နှစ်သက်ကြပြီး ဝယ်ယူစားသုံးသူ များပြားလျက်ရှိသည်။

ခရိုင်(ပြန်/ဆက်)