ဇီးကုန်းမြို့နယ်တွင် ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးနှင့် မဲစာရင်းများ ပြည့်စုံ မှန်ကန်စေရေး မြို့နယ်၊ ရပ်ကွက်/ကျေးရွာ ကော်မရှင်အဖွဲ့ဝင်များ တွေ့ဆုံညှိနှိုင်းဆွေးနွေး

ဇီးကုန်း ဩဂုတ်  ၁၇

၂၀၂၀-ပြည့်နှစ် နိုဝင်ဘာလတွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီး အောင်မြင်စွာ ကျင်းပနိုင်ရေးနှင့် မဲစာရင်းများပြည့်စုံမှန်ကန်စေရေးအတွက် မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များနှင့် ရပ်ကွက်/ကျေးရွာအုပ်စု ကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များ တွေ့ဆုံညှိနှိုင်းဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီက ပဲခူးတိုင်း ဒေသကြီး သာယာဝတီခရိုင် ဇီးကုန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါလုပ်ငန်း ညှိနှိုင်းဆွေးနွေးပွဲတွင် မြို့နယ်အုပ်ချုပ်ရေးမှူးဦးဝင်းမြင့်က မဲစာရင်းများ တိကျမှန်ကန်စေရေးအတွက် စီမံချက်များရေးဆွဲ အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိကြောင်း၊ အုပ်ချုပ်ရေးအပိုင်းမှ လည်း ကူညီ ဆောင်ရွက် ရန်လိုအပ်ကြောင်း၊ ရပ်ကွက်/ကျေးရွာ များကလည်း လုပ်ငန်းထိတွေ့ဆက်သွယ်ပြီး အချင်းချင်းပေါင်းစပ် ညှိနှိုင်း ဆောင်ရွက်ရန်နှင့် လိုအပ်သော မှတ်ပုံတင်၊ အိမ်ထောင်စုဇယားများ ပြည့်စုံစေရေးကို ဆောင်ရွက်ပေးကြရန်တို့ကို ပြောကြားခဲ့သည်။

ဆက်လက်၍ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးကျော်မိုးဦးက ရွေးကောက်ပွဲဆိုင်ရာ ကိစ္စရပ်များ၊ မဲစာရင်း ပြုစုခြင်းနှင့် ပတ်သက်၍ ဆောင်ရွက်မှုအခြေအနေများကို ရှင်းလင်းဆွေးနွေးခဲ့ပြီး လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဆိုင်ရာဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးအောင်ကျော်မိုးက မဲစာရင်းတွင်ဖြစ်ပေါ်နေသော လိုအပ်ချက်ကွက်လပ် များ နှင့် ပတ်သက်၍ ဆောင်ရွက်ရမည့် အခြေအနေများကို ရှင်းလင်းဆွေးနွေးခဲ့သည်။ ထို့နောက် တက်ရောက် လာသော ရပ်ကွက်/ ကျေးရွာ အုပ်စု ကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များက တင်ပြဆွေးနွေးမှုများအပေါ် သက်ဆိုင်ရာ တာဝန်ရှိသူများက ပြန်လည်ဆွေးနွေးခဲ့ကြောင်း သိရသည်။

ဇီးကုန်းမြို့နယ်အတွင်း ရပ်ကွက်/ကျေးရွာအုပ်စု(၃၄)အုပ်စု၌ မဲရုံပေါင်း (၅၂) ရုံဖွင့်လှစ် သွားမည်ဖြစ်ရာ မဲပေးပိုင်ခွင့်ရှိသူ (၅၅၃၀၇)ဦးရှိပြီး၊ မဲဆန္ဒရှင်အမည်စာရင်းများကို ဇူလိုင်လ ၂၅ ရက်မှ ဩဂုတ်လ ၁၄ ရက်နေ့အထိ သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲရုံးများ၌ ကပ်ထားကြေညာပေးခဲ့ရာ လာရောက် ကြည့်ရှုသူ (၁၆၉၀၇)ဦး၊ ပုံစံ(၃) ဖြင့် လျှေက်ထားသူ (၁၀၂၇)ဦး၊ ပုံစံ(၃-က)ဖြင့် လျှေက်ထားသူ (၁၀၂)ဦး၊ ပုံစံ(၄)ဖြင့် လျှေက်ထား သူ (၁၄၆)ဦး၊ ပုံစံ(၄-ဂ)ဖြင့် လျှေက်ထားသူ (၅၇၄)ဦး ရှိကြောင်း မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲမှ သိရသည်။

တင့်ဆွေ(ပြန်/ဆက်)