မြဝတီမြို့၌ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ပဉ္စမအသုတ် ပထမအကြိမ်ထိုးနှံနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

 

မြဝတီ အောက်တိုဘာ  ၇

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံထားခြင်းမရှိသည့် အသက် ၁၈ နှစ်အထက်ရှိသူများအား ပဉ္စမအသုတ် ပထမအကြိမ်ကာကွယ်ဆေး ထိုးနှံနိုင်ရေး အတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့မွန်းလွှဲ ၃ နာရီခွဲအချိန်ခန့်က မြဝတီမြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်း အဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။

အစည်းအဝေးတွင် မြဝတီမြို့နယ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ ဦးသက်လွင်က ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရန်နှင့် ကူးစက်ပျံ့ပွားမှုလျော့နည်းစေရေးအတွက် ကာကွယ်ဆေးထိုးနှံထားခြင်းမရှိသေးသည့် အသက်၁၈နှစ်အထက်ရှိသူများကို ဦးစားပေးအုပ်စုအနေဖြင့် ကာကွယ်ဆေးဆက်လက်ထိုးနှံ ပေးသွားမည်ဖြစ်၍ တက်ရောက်လာကြသည့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဝင်များနှင့် ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများက ကာကွယ်ဆေး ထိုးနှံပေးခြင်းလုပ်ငန်း အောင်မြင်စွာ ထိုးနှံပြီးစီးနိုင်ရေးအတွက် လိုအပ်သည်များကို ဝိုင်းဝန်းပံ့ပိုး ကူညီဆောင်ရွက် ပေးကြရန် ဆွေးနွေးပြောကြားသည်။

ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်တို့က ပဉ္စမအသုတ် ပထမအကြိမ် ကာကွယ်ဆေး ထိုးနှံရေးအတွက် ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများက အသိပညာပေးပြောကြားခြင်း၊ စည်းရုံး ဆောင်ရွက်ခြင်းများ ကြိုတင်စီစဉ် ဆောင်ရွက်ထားကြရန်နှင့် ပူးပေါင်းဆောင်ရွက်ကြရန် ဆွေးနွေးပြောကြားပြီး မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဌမှ လိုအပ်သည်များကို ဖြည့်စွက် ဆွေးနွေးပြောကြားခဲ့သည်။

မြဝတီမြို့နယ်တွင် ပဉ္စမအသုတ် ပထမအကြိမ်ကိုဗစ်-၁၉ကာကွယ်ဆေး ထိုးနှံပေးခြင်းလုပ်ငန်းကို အောက်တို ဘာလ(၈)ရက်နေ့မှစ၍ ဆေးထိုးစုရပ်(၇) နေရာ၌ ထိုးနှံပေးသွားမည်ဖြစ်ကြောင်း မြို့နယ် ကိုဗစ် - ၁၉ရောဂါ ကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ ဦးသက်လွင်ထံမှ သိရသည်။

 မန်းသန်းရွှေမြင့်(ပြန်/ဆက်)