ဇီးကုန်း အောက်တိုဘာ ၇
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ဇီးကုန်းမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ် တားဆီး နိုင်ရေးအတွက် မြို့နယ်ကိုဗစ်-၁၉ ရောဂါ ထိန်းချူပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ၏ ဦးဆောင်မှုနှင့် ဌာနဆိုင်ရာများ ပူးပေါင်းအဖွဲ့သည် ယနေ့ နံနက် ၈ နာရီက ရန်ကုန် ပြည်ကား မီးပွိုင်လမ်းဆုံတွင် Mask Campaign ပြုလုပ်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ကိုဗစ်-၁၉ ရောဂါ ထိန်းချူပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးသက်အောင် ဦးဆောင်၍ မြို့နယ် ထွေ/အုပ်၊ ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ပြန်/ဆက် ဝန်ထမ်းများ၊ ရပ်ကွက်စီမံအုပ်ချုပ်ရေးအဖွဲ့များ ပူးပေါင်းအဖွဲ့သည် လူစည်ကားရာ မီးပွိုင် လမ်းဆုံတွင် နှာခေါင်းစည်း စနစ်တကျ တပ်ဆင်သွားလာခြင်းမရှိသူများအား ယခုဝယ်ယခု တပ်ဆင်စေခြင်း၊ စနစ်တကျ Mask နှာခေါင်းစည်း တပ်ဆင်သွားလာရေး အသိပညာပေး ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထို့အပြင် မြို့နယ်ပြန်/ဆက်ဦးစီးဌာနနှင့် မီးသတ်ဦးစီးဌာနတို့ ပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါ မဖြစ်ပွား၊ မပြန့်ပွားစေရေးအတွက် ပြည်သူများအနေဖြင့် အထူးဂရုပြု သွားလာနေထိုင်ကြရန်၊ နေအိမ်ပြင်ပသို့ ထွက်ခွာတိုင်း Mask (နှာခေါင်းစည်း)များ စနစ်တကျ တပ်ဆင်သွားလာကြရန်၊ မလိုအပ်ပဲ လူစုလူဝေး ရှိသော နေရာများသို့ သွားလာခြင်းမှ ရှောင်ကျဉ်ရန်၊ လက်ကိုမကြာခဏ ဆေးကြောခြင်း၊ တစ်ဦးနှင့် တစ်ဦးခပ်ခွာခွာ နေထိုင်ကြရန် စသည့် ကျန်းမာရေးဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး နည်းလမ်းများနှင့် ပတ်သက်သည့် ထုတ်ပြန်ချက်များအား လိုက်နာ၍ အချင်းချင်း အသိပေးခြင်း၊ သတိပေးခြင်းများဖြင့် ပူးပေါင်းဆောင်ရွက်ကြရန်တို့ကို မြို့ပေါ်ရပ်ကွက်များအတွင်းသို့ အသံချဲ့စက်ဖြင့် နေ့စဉ် အသိပေးနှိုးဆော်လျက်ရှိကြောင်း သိရ သည်။
တင့်ဆွေ(ပြန်/ဆက်)