မြဝတီမြို့၌ ရောဂါကူးစက်ပြန့်ပွားမှုကို ထိန်းချုပ်နိုင်ရေးအတွက် မြန်မာနှင့် စကောကရင် နှစ်ဘာသာဖြင့် အသိပညာ ပေးနှိုးဆော်

မြဝတီ အောက်တိုဘာ ၇

ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့၌ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှု ကာကွယ် ထိန်းချုပ်နိုင်ရန် အတွက် မြန်မာ ဘာသာ၊ စကောကရင်ဘာသာတို့ဖြင့် ယနေ့နံနက်(၈)နာရီအချိန်က မြို့ပေါ် ရပ်ကွက်များနှင့် လမ်းဆုံလမ်းခွများတွင် အသိပညာပေး နှိုးဆော်ဆောင်ရွက်ခဲ့သည်။

ထို့သို့  ကိုဗစ်-၁၉ ရောဂါကူးစက်မှုကို ထိရောက်စွာထိန်းချုပ်နိုင်ရေးအတွက် မလိုအပ်ဘဲ နေအိမ်ပြင်ပ မထွက်ရန်၊ မရှိမဖြစ်အခြေခံလိုအပ်ချက် များဖြစ်သည့် အခြေခံစားသောက်ကုန်များ၊ ဆေးနှင့်ဆေးပစ္စည်းများသာ စည်းကမ်းချက် နှင့် အညီဖွင့်လှစ်ရောင်းချရန်၊ မဖြစ်မနေ နေအိမ်ပြင်ပ ထွက်ခွာသွားရမည့် ကိစ္စရပ်များ ပေါ်ပေါက်လာပါက ပါးစပ်နှင့်နှာခေါင်းစည်း (Mask)များ စနစ်တကျတပ်ဆင်၍ တစ်ခုခုကို ကိုင်ကွယ်ထိတွေ့ပြီးတိုင်း လက်ကိုဆပ်ပြာနှင့် အနည်းဆုံး စက္ကန့် (၂၀) ကြာအောင် စနစ်တကျ ဆေးရန်၊ မိမိတို့၌ ရောဂါပိုးကူးစက်ခံရနေသည်ဟု သံသယရှိပါက နီးစပ်ရာကျန်းမာရေးဌာနများသို့ ဆက်သွယ်၍ မပျက်မကွက် စစ်ဆေးကုသမှုခံယူရန် စသည့် အချက်များ ပါဝင်သည်။   

အဆိုပါ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုကို ထိန်းချုပ်နိုင်ရေးအတွက် အသိပညာပေး နှိုးဆော်မှုကို မြဝတီခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက နေ့စဉ်အသိပညာပေး လိုက်လံနှိုးဆော်လျက် ရှိကြောင်း သိရသည်။

မန်းသန်းရွှေမြင့်(ပြန်/ဆက်)