ရွှေဘို သြဂုတ် ၁၇
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင် လူမှုဝန်ထမ်းဦးစီးဌာနမှ ကမ္ဘာလုံးဆိုင်ရာကပ်ရောဂါ ကိုဗစ်-၁၉ ကာလအတွင်း ကိုယ်ဝန်ဆောင်မိခင်များအတွက် ငွေကျပ် သုံးသောင်း တစ်ကြိမ် ထောက်ပံ့ပေးနိုင်ရေးအတွက် ရွှေဘိုမြို့နယ်အတွင်းရှိ ကိုယ်ဝန်ဆောင်များ ထောက်ပံငွေကြေး ရယူနိုင်ရန် Google Play Store နှင့် Apple Store တို့တွင် ငွေဗိုက် (Ngwe Bike) Application ကို download ရယူပြီး စာရင်းသွင်းနိုင်ကြောင်းနှင့် အခက်အခဲရှိပါက လူမှုဝန်ထမ်းဦးစီးဌာန၊ ရွှေဘို နေ့ကလေးထိန်းကျောင်းတွင် လူကိုယ်တိုင်အထောက်အထားနှင့်တကွ စာရင်းလာရောက် သွင်းပါက လူမှုဝန်ထမ်းဦးစီးဌာန ဝန်ထမ်းများမှ ဖုန်းအတွင်း စာရင်းရေးသွင်းပေးလျက်ရှိသည်။
ငွေဗိုက် (Ngwe Bike) Application တွင် စာရင်းသွင်းပေး နေမှုနှင့်ပတ်သက်ပြီး ရွှေဘိုခရိုင်လူမှုဝန်ထမ်းဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဒေါ်နွယ်နွယ်အောင်က ကိုယ်ဝန်ဆောင် မိခင် များ စာရင်းပေးရာတွင် အဆင်ပြေချော့မွေ့အောင် ကျေးရွာမူကြိုကျောင်းများ၊ မိတ်ဘက် အဖွဲ့အစည်းများကို ငွေဗိုက် (Ngwe Bike) application ထည့်နည်းများကို သင်ကြားပေးပြီး ဆောင်ရွက်လျက်ရှိကြောင်း ပြောကြားသည်။ ယခုထောက်ပံ့ငွေသည် ကိုဗစ်-၁၉ ကာလအတွင်း တစ်ကြိမ်သာ ထောက်ပံသောငွေကြေးဖြစ်ကြောင်းနှင့် ထောက်ပံ့ကြေး လျှောက်ထားရက်မှာ သြဂုတ်လ ၁ ရက်နေ့မှ စက်တင်ဘာ ၁၅ ရက်နေ့ထိသာဖြစ်သဖြင့် application တွင် မိမိအစီအစဉ်ဖြင့်ဖြစ်စေ၊ လူမှုဝန်ထမ်းဦးစီးဌာန၏ အကူအညီဖြင့် ဖြစ်စေ အထောက်အထား ခိုင်ခိုင်လုံလုံဖြင့် လျှောက်ထားနိုင်ကြောင်းသိရသည်။
စိုးသီဟ(ရွှေဘို)