ဗန်းမောက် အောက်တိုဘာ ၇
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ဗန်းမောက်မြို့နယ်၌ မိုးစပါးတင်း(၁၀၀)နှင့်အထက် ထွက်ရှိရေး စံပြကွက်(၅၀)ဧက စိုက်ပျိုးထားရှိသည့်တောင်သူများအား စစ်ကိုင်းတိုင်းဒေသကြီးအစိုးရ အဖွဲ့မှ ထောက်ပံ့ပစ္စည်းပေးအပ်ပွဲ အခမ်းအနားကို အောက်တိုဘာလ(၆)ရက်နေ့၊ နေ့လယ်(၁၂)နာရီ အချိန်က မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါထောက်ပံ့ပေးအပ်ပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်းဌေးက မျိုးစေ့ထုတ် တောင်သူများ မိုးစပါး မျိုးသန့်မျိုးစေ့ထုတ်စံပြကွက်များအား ပြုစုပျိုးထောင်ရေး၊ မျိုးကွဲများ၊ ပေါင်းမြက်များနှင့် ပိုးမွှားရောဂေါများမဖြစ်ပေါ်စေရေး ကြိုတင်ကာကွယ်နှိမ်နှင်းနည်းများ၊ ပတ်ဝန်းကျင် ဘေးအန္တရာယ် မဖြစ်ပေါ်စေရေးနှင့် ဓာတ်မြေဩဇာအသုံးပြုနည်းများ စနစ်တကျဖြစ်စေရေး စိုက်ပျိုးရေးဦးစီးဌာနနှင့် ပေါင်းစပ်လုပ်ကိုင်သွားကြရန် ပြောကြားခဲ့ပြီး၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးအရာရှိ ဦးဟန်စိုးက မိုးစပါတင်း(၁၀၀)နှင့်အထက် ထွက်ရှိရေး စံပြကွက်စိုက်ပျိုးသည့် တောင်သူ များအား ထောက်ပံ့ပစ္စည်းများ ပေးအပ်ရသည့်ရည်ရွယ်ချက်ဖြင့် စံပြကွက်များ၌ မျိုးစေ့ထုတ်လုပ်ခြင်း လုပ်ငန်းများ၊ စိုက်ပျိုးရေးနည်းပညာ အကြောင်းသိကောင်းစရာများ၊ ပိုးမွှားရောဂါမကျရောက်စေရေး ကာကွယ်ထိန်းသိမ်းရမည့် နည်းလမ်း ကောင်းများ၊ ဓာတ်မြေဩဇာသုံးစွဲခြင်းနှင့် ရရှိနိုင်သည့်အကျိုး ကျေးဇူးများနှင့် လယ်ယာမြေများ၌ Home Garden အစီအစဉ်ဖြင့် တစ်ပိုင်တစ်နိုင် စိုက်ပျိုးထုတ်လုပ် ရောင်းချနိုင်ရေး နည်းလမ်းကောင်းများကို ပြောကြားခဲ့သည်။
ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်းဌေးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာန ဦးစီးအရာရှိ ဦးဟန်စိုးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ထောက်ပံ့သည့် ကွန်ပေါင်းမြေဩဇာ၊ ကျောက်မှုန့်မြေဩဇာ၊ ရွက်ဖြန်းမြေဩဇာများကို ဒေသခံ တောင်သူများအား လွဲပြောင်းထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
မေသူဟန် (ဗန်းမောက်)