ကော့သောင်း အောက်တိုဘာ ၇
ကော့သောင်းမြို့နယ်အတွင်း အခြေခံပညာ အလယ်တန်းနှင့် အထက်တန်း ကျောင်းသား/ သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို ၂၀၂၁ခုနှစ်၊ အောက်တိုဘာလ ဒုတိယအပတ် အတွင်း စတင်ထိုးနှံ ပေးသွားမည်ဖြစ်ကြောင်း ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
ကာကွယ်ဆေးအား မြို့နယ်အတွင်းရှိ အခြေခံပညာ အလယ်တန်းနှင့် အထက်တန်းကျောင်းများရှိ ကျောင်းအပ်နှံထားသူများ၊ ပုဂ္ဂလိကကိုယ်ပိုင်ကျောင်းများတွင် ကျောင်းအပ်နှံထားသူများနှင့် ဘုန်းတော်ကြီး သင် ပညာရေးကျောင်းများမှ အသက်(၁၂)နှစ်ပြည့်ပြီး အသက်(၁၈)နှစ် မကျော်သူ များကို ကိုဗစ်၁၉ ကာကွယ်ဆေး Sinovac အား ပထမအကြိမ်အဖြစ် ၂၀၂၁ခုနှစ်၊ အောက်တိုဘာလ ဒုတိယအပတ်မှ နိုဝင်ဘာလပထမပတ်အတွင်း ထိုးနှံပေးသွားမည်ဖြစ်ပြီး ဒုတိယအကြိမ်အဖြစ် နိုဝင်ဘာလဒုတိယအပတ်မှ ဒီဇင်ဘာလပထမအပတ်အတွင်း ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ကော့သောင်းမြို့နယ်အနေဖြင့် မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာအုပ်စုများရှိ အခြေခံပညာ ကျောင်းများတွင် ကာကွယ်ဆေးထိုးနှံမည့် စုရပ် (၁၂)ခုဖြင့် ထိုးနှံပေးသွားမည်ဖြစ်ပြီး ကာကွယ်ဆေး ထိုးနှံမည့် ကျောင်းသား/သူများသည် မိဘအုပ်ထိန်းသူနှင့်အတူ ကျောင်းသား၏ နိုင်ငံသားစိစစ်ရေး ကတ်(သို့မဟုတ်) မွေးသက္ကရာဇ် အမှန်သိရှိနိုင်ရေး သက်ဆိုင်ရာ ကျောင်းအုပ်ကြီး၏ ထောက်ခံချက် များ ယူဆောင်လာရမည် ဖြစ်ကြောင်း အသက်(၁၂)နှစ်မပြည့်သေးသူနှင့် အသက်(၁၈)နှစ်ကျော်သည့် ကျောင်းသား/သူများနှင့် လတ်တလော ဖျားနာနေသည့် ကျောင်းသား/သူများအား ဆေးထိုးနှံ ပေးမည်မဟုတ်ကြောင်းလည်း သိရသည်။
ကျော်စိုး(ကော့သောင်း)