တနင်္သာရီမြို့တွင် ပရဟိတအဖွဲ့များမှ စေတနာ့ဝန်ထမ်းများအား ဂုဏ်ပြုမှတ်တမ်းလွှာ ချီးမြှင့်ပေး၍ ညစာဖြင့် ဧည့်ခံကျွေးမွေး

တနင်္သာရီ အောက်တိုဘာလ ၇

တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ် ကုသရေးလုပ်ငန်းစဉ်များတွင် စိတ်အားထက်သန်စွာဖြင့် စွမ်းစွမ်းတမံ အပင်ပန်းခံ ဆောင်ရွက်ခဲ့ကြ သည့် သုခရွှေရီကျန်းမာရေး အထောက်အကူပြုအသင်းမှ (၄) ဦးနှင့် လေးရောင်ခြယ် ပရဟိတ လူငယ်များ အသင်းမှ(၅)ဦး၊ ပေါင်းစေတနာ့ဝန်ထမ်း(၉)ဦးတို့အား ဂုဏ်ပြုမှတ်တမ်းလွှာ ချီးမြှင့်ပေး အပ်ပွဲကို ယမန်နေ့ည ၇ နာရီအချိန်က မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနရုံး အစည်းအဝေး ခန်းမအတွင်း ပြုလုပ်ခဲ့ ကြောင်း သိရှိရသည်။

အဆိုပါ စေတနာရင်လူငယ်များသည် မြို့နယ်ကိုဗစ်ပိုးထိစပ် သံသယလူနာ သယ်ယူရေးအဖွဲ့ အမည်ဖြင့် အင်အား(၉)ဦးနှင့်အတူ ၂၀၂၁ခုနှစ်၊ ဩဂုတ်လ(၁၅)ရက်နေ့မှစ၍ အောက်တိုဘာလ ၆ ရက်နေ့အထိ ပေါင်း(၅၃) ရက်တိတိ မိမိတို့၏နေအိမ်သို့မပြန်ဘဲ မြို့နယ်ပြည်သူ့ဆေးရုံတွင်အချိန် ပြည့်နေထိုင်၍ မြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ် ကုသရေးလုပ်ငန်းများအား နေ့/ည အချိန်မရွေး မငြီးမငြူ စွမ်းဆောင်ခဲ့သဖြင့် မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ ကျေးဇူတင်ဂုဏ်ပြုသောအားဖြင့် ဂုဏ်ပြု မှတ်တမ်းလွှာများကို ချီးမြှင့်ပေးရခြင်းဖြစ်ကြောင်း မြို့နယ်ဆရာဝန်ကြီး ဒေါက်တာ အောင်သိုက်ထွန်းထံက သိရှိ ရသည်။

အခမ်းအနားသို့ မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ အတွင်းရေးမှူး ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းသန်းထိုက်စိုး၊ မြို့နယ်ကုသရေး နှင့်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာအောင်သိုက်ထွန်းနှင့် လ/ထ ဆရာဝန်ဒေါက်တာ လင်းထိုက်စိုး၊ မြို့နယ်ကြက်ခြေနီကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးဇော်ဇော်အောင်၊ ဒု-ဥက္ကဋ္ဌ ဦးအင်ကို၊ မြို့နယ်ကြက်ခြေ နီတပ်ဖွဲ့ ဒုတပ်ခွဲမှူးအောင်ကျော်ကျော်နှင့် တပ်ဖွဲ့ဝင်များ၊ သုခရွှေရီ ကျန်းမာရေး အထောက်အကူပြုအသင်း၊ လေးရောင်ခြယ် ပရဟိတလူငယ်များ အသင်းဝင်များနှင့် နာရေးကူညီမှု အကျိုးဆောင်အဖွဲ့ဝင်များ စုစုပေါင်း(၂၅)ဦးခန့် တက်ရောက်ခဲ့သည်။

အခမ်းအနားတွင် မြို့နယ်ဆရာဝန်ကြီး ဒေါက်တာအောင်သိုက်ထွန်းနှင့် ကော်မတီအတွင်းရေးမှူး ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းသန်းထိုက်စိုးတို့က ကျေးဇူးတင်စကားပြောကြားပေးကြ သည်။

ဆက်လက်၍ လေးရောင်ခြယ် ပရဟိတလူငယ်များအသင်းမှ ဦးရဲရင့်နိုင်က အတွေ့အကြုံများအား ရှင်းလင်းတင်ပြပြီး၊ မြို့နယ်ကိုဗစ်ပိုး ထိစပ်၊ သံသယလူနာ သယ်ယူရေးအဖွဲ့ဥက္ကဋ္ဌ ဦးသီဟသူက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးအတွက် ဆက်လက်ဆောင်ရွက်မည့် ရှေ့လုပ်ငန်းစဉ် များနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြဆွေးနွေးသည်။

ယင်းနောက် သုခရွှေရီကျန်းမာရေးအထောက်အကူပြု အသင်းမှ(၄)ဦးနှင့် လေးရောင်ခြယ် ပရဟိတ လူငယ်များ အသင်းမှ(၅)ဦပေါင်း(၉)ဦးတို့အား ဆရာဝန်ကြီးဒေါက်တာအောင်သိုက်ထွန်း၊ ဒုတိယ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းသန်းထိုက်စိုးနှင့် မြို့နယ်ကြက်ခြေနီကြီးကြပ်မှုကော် မတီဥက္ကဋ္ဌ ဦးဇော်ဇော်အောင်တို့က တစ်ဦးချင်းစီထံ ဂုဏ်ပြုမှတ်တမ်းလွှာများ ချီးမြှင့်ပေးအပ်ပြီး အခမ်းအနားသို့ တက်ရောက်လာသူများအား မြို့နယ်ဆရာဝန်ကြီး ဒေါက်တာအောင်သိုက်ထွန်းက ညစာဖြင့် ဧည့်ခံကျွေးမွေး ခဲ့ကြောင်း သိရှိရသည်။

နန်းသာရီ-ထိန်ဝင်း