ကြို့ပင်ကောက် အောက်တိုဘာ ၇
ပဲခူးတိုင်ဒေသကြီးအစိုးရအဖွဲ့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝန်ကြီးများ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများနှင့်အတူ ယမန်နေ့ မွန်းလွဲပိုင်းက သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့ ဘွက်ရိုးအုပ်စု ကျောင်းကုန်းကျေးရွာအရှေ့ထိပ်တွင် ရန်ပုံငွေကျပ်သိန်းပေါင်း ကိုးထောင်ကျော်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်မည့် မြို့ရေပေးဝေရေး လုပ်ငန်းစီမံကိန်း စတင်ဆောင်ရွက် နေသည့်နေရာအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။
နွေရာသီ ရေလိုအပ်ချိန် အချိန်မီပြီးစီးရေးအတွက် သက်ဆိုင်ရာကုမ္ပဏီတာဝန်ရှိသူများက အရှိန်မြှင ဆောင်ရွက်သွားဖို့ လိုအပ်ကြောင်း ရေပေးဝေရေးအတွက် ရေဂါလံပေါင်း (၃၉၀၀၀၀၀) ကျော်ဝင်ဆံ့မည့် ရေလှောင်ကန်များဖြစ်သော အနည်ထိုင်ကန်(၂)ကန်၊ ရေကြည်စုကန်(၁)ကန်တို့ကို တာဝန်ယူ ဆောင်ရွက်မည့် ကောင်းခန့်ချိုကုမ္ပဏီက စတင်တူဖော်နေခြင်းကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ကို တာဝန်ခံ ကုမ္ပဏီမှ တာဝန်ရှိသူများအား မှာကြားခဲ့သည်။
မြို့ရေရရှိရေးလုပ်ငန်းသည် မြို့အရှေ့ဘက်ခြမ်းအတွက် ကျောင်းကုန်းကျေးရွာအရှေ့ထိပ် မြို့ရေပေးရေး စက်ရုံမှ တင်ပို့သည့်ရေအား မြို့နယ်ခန်းမဝန်းအတွင်း ရေပေးရေး စက်ရုံအထိ သွယ်ယူပြီး မြို့အရှေ့ဘက် ခြမ်းရပ်ကွက်များသို့ ဖြန့်ဝေပေးသွားမည်ဖြစ်ပြီး မြို့အနောက်ဘက်ခြမ်းအတွက် ဘုကြီးကျေးရွာ အဝီစိတွင်း ရေစက်ရုံမှ ရေအား မြို့နယ်လွတ်လပ်ရေး ပန်းခြံရေစင်နှင့် နွားပွဲဈေးဟောင်း ရေစင်တို့မှ တစ်ဆင့် ပြန်လည်ဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ဇေယျာထွန်း(ကြို့ပင်ကောက်)