ကြို့ပင်ကောက် အောက်တိုဘာ ၇
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့ ဥက္ကံကျေးရွာအုပ်စု ကုန်းမြင့်ကျေးရွာ တောင်သူ ဦးမြင့်သိန်း၏ လယ်ကွက်တွင် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်မှ ထောက်ပံ့ပေး အပ်သော ဆီထွက် သီးနှံနေကြာ ဆင်းရွှေကြာ(၂) မျိုးစေ့အိပ်များနှင့် ဓာတ်မြေဩဇာများ တောင်သူ များထံ ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲပိုင်းက ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းမှ တောင်သူများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံပြီး စိုက်ပျိုးရေးလုပ်ငန်း အပြင် မွေးမြူရေးလုပ်ငန်းများကိုလည်း တွဲဖက်ပြီးပြုလုပ်စေလိုကြောင်း တိုင်းရင်းကြက်မွေးမြူခြင်းကို တီထွင် ကြံဆပြီး အောင်မြင်အောင် ဆောင်ရွက်စေလိုကြောင်း သို့မှသာ တောင်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုး တိုးတက်လာမည်ဖြစ်ကြောင်း မှာကြားပြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ဆောင်းသီနှံ မတ်ပဲစိုက်ခင်း ဧက (၂၀၀)တွင် ဆီထွက်သီးနှံ နေကြာများ ကြားညှပ်စိုက်ပျိုးနိုင်ရန်အတွက် ဆင်းရွှေကြာ(၂) နေကြာမျိုးစေ့ အိပ်(၁၀၀) နှင့် ဓာတ်မြေဩဇာအိပ် (၅၀)တို့အား တောင်သူများထံ ထောက်ပံ့ပေးအပ်ခဲ့သည်။
ကြို့ပင်ကောက်မြို့တွင် ဆီထွက်သီးနှံများဖြစ်သော မြေပဲကို (၃၂၈)ဧက၊ နှမ်း (၁၃၁၈)ဧကနှင့် နေကြာ (၁၄၆၀)ဧက စုစုပေါင်း (၃၁၀၆)ဧကစိုက်ပျိုးထားကြောင်း လာမည့်ဆီထွက်သီးနှံ စိုက်ပျိုးရာသီတွင် ပိုမိုတိုးချဲ့စိုက်ပျိုးသွားနိုင်ရေး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ လျာထားဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံး မြို့နယ်ဦးစီးမှူး ဦးမောင်မောင်ဌေးထံမှ သိရသည်။
ဇေယျာထွန်း(ကြို့ပင်ကောက်)