ညောင်လေးပင် အောက်တိုဘာ ၇
ပဲခူတိုင်းဒေသကြီး အစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် ညောင်လေးပင်မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီမှ ပြုလုပ်သော Stay At Home ကာလအတွင်း ပြည်သူများ စားဝတ်နေရေး အဆင်ပြေစေရန်အတွက် စားသုံးဆီ လှည့်လည်ရောင်းချခြင်းကို ယမန်နေ့ ညနေ (၄)နာရီအချိန်က ညောင်လေးပင်မြို့၊ မြို့မ(၂)ရပ်ကွက်ရှိ အထက(၁)ကျောင်းရှေ့၌ စတင်ရောင်းချ ပေးခဲ့သည်။
ညောင်လေးပင်မြို့နယ်အတွင်းရှိ ပြည်သူများအနေဖြင့် Stay At Home ကာလအတွင်း စားဝတ်နေရေး အဆင်ပြေစေရန် အတွက် မြို့နယ်ကိုဗစ်(၁၉)ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီအနေဖြင့် ယနေ့မှ စတင်ကာ ညောင်လေးပင်မြို့၊ မြို့မ(၂)ရပ်ကွက်အတွင်းရှိ ပြည်သူများအား မော်တော်ယာဉ်ဖြင့် လှည့်လည်ကာ ရပ်ကွက်အတွင်းရှိ ပြည်သူများအား စျေးနှုန်းချိုသာစွာ ဆီတစ်ပိဿာလျှင် ငွေကျပ် (၃၇၅၀)ဖြင့် လှည့်လည်ရောင်းချရာ ဝယ်ယူသူ များပြားခဲ့ပြီး ဝယ်ယူသူများအနေဖြင့် ဝမ်းသာလျက်ရှိကြ သည်။
အဆိုပါ ဆီရောင်းချခြင်းကို ကိုဗစ်(၁၉)စည်းကမ်းနဲ့အညီ ရောင်းချနိုင်ရန်အတွက် မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြို့နိုင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်ကိုဗစ်ကော်မတီမှ ဦးလှမြင့်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ခံ ဦးကျော်သက်မိုးတို့က လိုက်လံကြီးကြပ်ပြီး စနစ်တကျ တန်းစီစေခြင်း၊ နှာခေါင်းစည်း Mask များ ပေးဝေကာ ကိုဗစ်-၁၉ ညွှန်ကြားချက်များနှင့်အညီ ရောင်းချပေးခဲ့သည်။ အလားတူမြို့နယ် ကိုဗစ်ကော်မတီအနေဖြင့် ယနေ့မှစ၍ ညောင်လေးပင်၊ ပြွန်တန်ဆာ၊ ပိန်းဇလုပ်၊ မဒေါက်မြို့များရှိ ဒေသခံပြည်သူများထံသို့ သွားရောက်ကာ သတ်မှတ် အစီအစဉ်အတိုင်း တစ်မြို့နယ်လုံးအနေဖြင့် ဆီပိဿာချိန်(၅၀၀)အား ဆက်လက်ရောင်းချပေးသွား မည်ဖြစ်ကြောင်း သိရ သည်။
မြို့နယ် (ပြန်/ဆက်)