ရိခေါ်ဒါရ် အောက်တိုဘာ ၇
ချင်းပြည်နယ်၊ ရိခေါ်ဒါရ်မြို့ ကျန်းမာရေးဌာနနှင့် ရပ်ကွက်လူငယ်အဖွဲ့အစည်းများ၊ Volunteer အဖွဲ့များပူးပေါင်း ပြီး မြို့ပေါ်ရပ်ကွက်အတွင်း ကိုဗစ်-၁၉ ရောဂါသံသယဖြစ်သူများအား RDT (Test Kit)ဖြင့် စစ်ဆေးမှုကို ယနေ့တွင် ပြုလုပ်ခဲ့ရာ ရပ်ကွက်အတွင်း ကိုဗစ်-၁၉ ရောဂါပိုးတွေ့ ရှိသူ ၄ ဦးရှိကြောင်း ကျန်းမာရေးဌာနမှသိရသည်။
အဆိုပါ ကိုဗစ်-၁၉ ရောဂါပိုးစစ်ဆေးဆောင်ရွက်ရာတွင် ရိခေါ်ဒါရ်မြို့၊ အမှတ်(၂)ရပ်ကွက်ရှိ ကိုဗစ်-၁၉ ရောဂါ သံသယဖြစ်သူ ရပ်ကွက်နေပြည်သူ (၈၆)ဦးတို့အား စစ်ဆေးဆောင်ရွက်ခဲ့ခြင်း ဖြစ်ရာ ၎င်းတို့အနက် (၄)ဦးတို့ထံမှ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း၊ ရောဂါပိုးတွေ့ရှိသူတို့မှာ ရောဂါလက္ခဏာပြသခြင်းမရှိပဲ ကျန်းမာရေးကောင်းမွန်လျက်ရှိပြီး ၎င်းတို့၏ နေအိမ်အသီးသီး၌ အသွားအလာကန့်သတ်စောင့်ကြည့်ထားရှိကာ ကျန်းမာရေး စောင့်ရှောက်ကုသပေးလျက်ရှိကြောင်း သိရသည်။
ရိခေါ်ဒါရ်မြို့ပေါ်ရပ်ကွက်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုအခြေအနေ စစ်ဆေးခြင်းကို မြို့ပေါ်ရပ်ကွက် (၂)ခုအတွင်း ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
သောမတ် (ရိခေါ်ဒါရ် ပြန်/ဆက်)