ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဇီးကုန်းမြို့နယ်ရှိ နေကြာစိုက်တောင်သူများအား ဆင်းရွှေကြာ (၂)နေကြာမျိုးစေ့များ ထောက်ပံ့ပေးအပ်

ဇီးကုန်း အောက်တိုဘာ ၇

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ယမန်နေ့ နေ့လယ် ၂ နာရီ ၃၀ အချိန်က သာယာဝတီခရိုင် ဇီးကုန်းမြို့နယ် ညောင်ဇင်ကျေးရွာရှိ စိုက်ပျိုးရေးဆိုင်ရာ လူထုအခြေပြု လေ့လာမှုစခန်း၌ နေကြာစိုက်တောင်သူများအား နေကြာမျိုးစေ့များကို ထောက်ပံ့ပေးအပ်ခဲ့သည်။

၂၀၂၁-၂၀၂၂ ခုနှစ် ဆီဖူလုံမှုတိုးတက်ရေးအတွက် ဆီထွက်သီးနှံနေကြာ စိုက်တောင်သူများအား တစ်ဧကလျှင် နေကြာမျိုးစေ့ (၄)ပြည်နှုန်းဖြင့် ဧက(၂၀၀)အတွက် ဆီထွက်နှုန်းကောင်း ဆင်းရွှေကြာ(၂) နေကြာမျိုးစေ့ (၈၀၀)ပြည်အား ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက နေကြာစိုက်တောင်သူများ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့သည်။

ဇီးကုန်းမြို့နယ်တွင် ဆီထွက်သီးနှံ မိုးမြေပဲစိုက်ဧက(၁၅)ဧကနှင့် မိုးနှမ်းစိုက်ဧက(၂၇၉)ဧက စိုက်ပျိုး ထားရှိကြောင်းနှင့် စပါးများရိတ်သိမ်းပြီးချိန်တွင် ဆောင်းသီးနှံအဖြစ် နေကြာကို ပဲစိုက်ဧကများအတွင်း သီးညှပ် ဆက်လက်စိုက်ပျိုးသွားမည်ဖြစ်ကြောင်း သိရသည်။

တင့်ဆွေ(ပြန်/ဆက်)