ကရင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌဦးစောမြင့်ဦး အမှတ်(၂)တပ်မတော်ဆေးရုံ ကုတင်(၁၀၀)၌ တက်ရောက်ဆေးကုသမှုခံယူနေသူများအား အဟာရဖြည့်စွက်အစားအစာများ ထောက်ပံ့လှူဒါန်း

ဘားအံ အောက်တိုဘာ ၅

ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးသည် အရှေ့တောင်တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူးဗိုလ်မှူးချုပ် ဇော်မင်းအောင်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့်အတူ အောက်တိုဘာလ ၅ ရက်နေ့ နံနက် ၁၀ နာရီခွဲခန့်က အမှတ်(၂)တပ်မတော်ဆေးရုံ ကုတင်(၁၀၀)၌ တက်ရောက် ဆေးကုသမှုခံယူနေသူများအား ရင်းရင်းနှီးနှီးတွေ့ဆုံအားပေး၍ အဟာရဖြည့်စွက် အစားအစာများ ထောက်ပံ့ပေးအပ်ခဲ့သည်။

ပြည်နယ်ဝန်ကြီးချုပ်၊ ဒုတိယတိုင်းမှူးနှင့်အဖွဲ့သည် အမှတ်(၂)တပ်မတော်ဆေးရုံ၌ တက်ရောက် ဆေးကုသမှု ခံယူနေကြသော တပ်မတော် တပ်ရင်း၊ တပ်ဖွဲ့များမှ တပ်မတော်သားများ၊ ရဲမေများ၊ မိသားစုဝင်များနှင့် ပြည်နယ်အတွင်းရှိ မြို့နယ်များနှင့်ပတ်ဝန်းကျင်ကျေးရွာများမှ တက်ရောက် ဆေးကုသမှုခံယူ နေသူများအား တစ်ဦးချင်း၏ ရောဂါဖြစ်ပွားမှု၊ ဆေးဝါးကုသပေးထားမှုနှင့် ကျန်းမာရေးတိုးတက်ကောင်းမွန်လာမှုအခြေအနေများကို ရင်းရင်းနှီးနှီး မေးမြန်း အားပေးစကား ပြောကြားပြီး အဟာရဖြည့်စွက်အစားအစာများ ‌ထောက်ပံ့ပေးအပ်ခဲ့ကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်သည် တပ်မတော်သားမိသားစုဝင်များနှင့် ဒေသခံတိုင်းရင်းသား ပြည်သူများအပေါ် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများနှင့် ကုသရေးလုပ်ငန်းများ ဆောင်ရွက် ပေးနေသော အမှတ်(၂) တပ်မတော်ဆေးရုံကုတင်(၁၀၀)အတွက် ငွေကျပ်(၁၀)သိန်းကို ထောက်ပံ့ ပေးအပ်ခဲ့သည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်ဝန်ကြီးများသည် ဘားအံမြို့၊ စက်မှုဇုန်အနီးရှိ မွေးမြူရေးဇုန် ရှင်းလင်း ဆောင်သို့ရောက်ရှိပြီး ဘားအံမွေးမြူရေးဇုန် ဖော်ထုတ်ပြီးစီးမှု အခြေအနေများအား ကြည့်ရှု့စစ်ဆေးရာ ကရင်ပြည်နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူး(မြို့ပြ) ဦးအောင်နိုင်ထွန်းက မွေးမြူရေးဇုန် မြေသားလမ်း လုပ်ငန်းနှင့် ရေထုတ်ပြွန်လုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုများကိုလည်းကောင်း၊ ပြည်နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်း ဦးစီးဌာနညွှန်ကြားရေးမှူး ဦးမင်းမင်းက မွေးမြူရေးဇုန်ကွက်သစ်(၁၆၄)ဧကအား ဧကကွက်များ ပိုင်းခြား၍ နေရာချထားပေးမည့် အစီအမံများကို လည်းကောင်း၊ ပြည်နယ်လျှပ်စစ် အင်ဂျင်နီယာမှူးကြီးဦးသိန်းရွှေက မွေးမြူရေး ဇုန်တွင် ၁၁ ကေဗွီ ဓါတ်အားလိုင်း (၁၄၀၀)ပေနှင့် ၄၀၀ ဗို့ ဓါတ်အားလိုင်း ၁ ဒသမ ၇၄ မိုင် တည်ဆောက်နေသည့် အခြေအနေများကိုလည်းကောင်း၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါက်တာအောင်မြင့်ဟန်က ဘားအံ မွေးမြူရေးဇုန် တစ်ယူနစ် ဧကကွက်များတွင် တိရိစ္ဆာန်အမျိုးအစားအလိုက် မွေးမြူရမည့်  စည်းကမ်းသတ်မှတ် ချက်များကိုလည်းကောင်း၊ ပြည်နယ်သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူး ဦးပြည့်စုံမျိုးက မွေးမြူရေးဇုန်လမ်းများ ဖောက်လုပ်ပြီးစီးပါက တစ်လမ်းချင်းစီအလိုက် စီတန်းစိုက်ပျိုးသွားမည့် အပင်အမျိုးအစားနှင့်အရေအတွက်များကို လည်းကောင်း ရှင်းလင်း တင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီး မွေးမြူရေးဇုန်ဖော်ထုတ်နေမှုအား လိုက်လံကြည့်ရှု့စစ်ဆေးခဲ့ကြသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်ဝန်ကြီးများသည် ဘားအံမြို့နယ်၊ တောင်ကလေး အေးရိပ်သာကျောင်း တိုက်ဆရာတော် ဘဒ္ဒန္တအရှင်ပညာသာမိ (တောမီရဟန်း)အား နံနက်ခင်း ဩဝါဒကျောင်းဆောင်၌ သွားရောက်ဖူး‌မြော် ကြည်ညိုကြပြီး  ကိုးပါးသီလခံယူ -ဆောက်တည် ကြကာ ဒေသဖွံ့ဖြိုးရေး ဆိုင်ရာများနှင့်သာသနာတော်ဆိုင်ရာများ လျှောက်ထားတင်ပြ၍ လှူဖွယ် ဝတ္ထုပစ္စည်းများနှင့် နဝကမ္မအလှူတော်ငွေများ ဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သတင်းရရှိသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)