ဝါးခယ်မ အောက်တိုဘာ ၇
ဧရာ၀တီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်တွင် ကိုဗစ်-၁၉ ကူးစက်ရောဂါ (တတိယလှိုင်း) ဖြစ်ပွားစဉ်ကာလအတွင်း ပါဝင်ကူညီဆောင်ရွက်ခဲ့သော (Volunteers) များအား ဂုဏ်ပြုပွဲ အခမ်းအနားကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးဝင်းရှိ အောင်ဇေယျခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
ရှေးဦးစွာ မြောင်းမြခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးထွန်း၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးစွမ်းထက်တို့မှ ကိုဗစ်-၁၉ ရောဂါ တတိယလှိုင်း ကာလအတွင်း ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများနှင့် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများကို မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီနှင့်အတူ ပရဟိတစိတ်ထားပြည့်ဝစွာဖြင့် ဝိုင်းဝန်းကူညီဆောင် ရွက်ပေးခဲ့ကြသောလူမှုရေးအသင်းအဖွဲ့ များအား ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဂုဏ်ပြုငွေများ ပေးပို့ထောက်ပံ့သဖြင့် ယခုကဲ့သို့ မှတ်တမ်းတင်ဂုဏ်ပြုခြင်းဖြစ်ပါကြောင်း ဂုဏ်ပြုစကားများပြောကြားခဲ့ပြီး (Volunteers) (၁)ဦး လျှင် ငွေ(၁၂၀၀၀၀)ကျပ်နှုန်းဖြင့် ကြက်ခြေနီတပ်ဖွဲ့ဝင် (၂၀)ဦးအတွက်ငွေ(၂,၄၀၀,၀၀၀)ကျပ်၊ ရတနာသုံးပါးလူမှုကူညီရေးအသင်းဝင် (၈)ဦးအတွက်ငွေ (၉၆၀,၀၀၀)ကျပ်၊ ဘက်စုံလူမှုကွန်ရက် အသင်းဝင် (၁၂)ဦးအတွက်ငွေ(၁,၄၄၀,၀၀၀)ကျပ်နှင့် လူမှုရေး အသင်းအဖွဲ့များအတွက် စက်သုံး ဆီဖိုး ငွေ(၂၅၂,၀၀၀)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၅,၀၅၂,၀၀၀) ကျပ်အား ဦးစိုးထွန်းနှင့် တာဝန်ရှိသူများက (Volunteers) များအား အသီးသီးထောက်ပံ့ ပေးအပ်ခဲ့ကြောင်း ဦးစိုးတင့်က လူမှုရေးအသင်းအဖွဲ့များ၏ကိုယ်စား ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းနှင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်း ဆောင်ရွက်ခဲ့ရသည့်အတွေ့ အကြုံများ နှင့် ကျေးဇူးတင် စကားများ ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။
အဆိုပါ အခမ်းအနားသို့ မြောင်းမြခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယခရိုင် အုပ်ချုပ်ရေးမှူး ဦးစိုးထွန်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစွမ်းထက်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်ကြက်ခြေနီအသင်းဥက္ကဋ္ဌ ဦးစိုးတင့်နှင့် လူမှုရေးအသင်းအဖွဲ့ဝင်များ၊ စုစုပေါင်း(၄၉)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
စောသန္တာဦး(ဝါးခယ်မပြန်/ဆက်)