ပခုက္ကူမြို့နယ် မြို့သစ်-ရွှေတန့်တစ်-ရွှေဒါလမ်း ကတ္တရာခင်းခြင်းလုပ်ငန်း ရာနှုန်းပြည့်ပြီးစီး

ပခုက္ကူ  အောက်တိုဘာ ၆

 

မကွေးတိုင်းဒေသကြီး ပခုက္ကူမြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ၂၀၂၀-၂၀၂၁ခုဘဏ္ဍာရေးနှစ်တွင် အကောင် အထည်ဖော် ဆောင်ရွက် သည့် မြို့သစ်-ရွှေတန့်တစ်-ရွှေဒါလမ်း ကတ္တရာခင်းခြင်းလုပ်ငန်း ရာနှုန်းပြည့်ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။

 

ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ၂၀၂၀-၂၀၂၁ခု ဘဏ္ဍာရေးနှစ်တွင် ပြည်ထောင်စု (ငွေလုံးငွေရင်း) နှင့်တိုင်းဒေသကြီး(ဒေသဖွံ့ဖြိုးရေးရန်ပုံငွေ) စုစုပေါင်းရန်ပုံငွေကျပ်သန်းပေါင်း ၁၄၃ဒသမ၈၄သန်းဖြင့် ပခုက္ကူမြို့နယ်၊ မြို့သစ်-ရွှေတန့်တစ်-ရွှေဒါလမ်းကတ္တရာခင်းခြင်းလုပ်ငန်း(အရှည် ၇ဖာလုံ၊ အကျယ် ၁၂ပေ၊ ထုထည် တစ်ပေ သုံးလက်မ)အား စိုးကြည်အောင်ကုမ္ပဏီမှ ၂၀၂၁ခုနှစ်၊ ဧပြီလ ၁၇ရက်နေ့တွင် လုပ်ငန်းစတင်တာဝန်ယူအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ယခုအခါ ရာနှုန်းပြည့်ပြီး စီးနေပြီဖြစ်ကြောင်း၊ လုပ်ငန်းဆောင်ရွက်စဉ်ကာလအတွင်း မကွေးတိုင်းဒေသ ကြီး ဝန်ကြီးချုပ် ဦးတင့်လွင်နှင့်တိုင်းဒေသကြီး အစိုးရ အဖွဲ့ဝန်ကြီးများ၊ ခရိုင်နှင့်မြို့နယ်တာဝန်ရှိသူများက လုပ်ငန်းစံချိန်စံညွှန်း အရည်အသွေးများအတိုင်းပြည့်မီအောင်ဆောင်ရွက်ရေး ကွင်းဆင်းကြီးကြပ် ဆောင်ရွက်ကြကြောင်း၊ ပခုက္ကူမြို့နယ်ကျေးလက် လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးဝင်းဇော်ဦးက ပြောသည်။

 

အဆိုပါလမ်းမှာ ယခင်က မြေနီလမ်းနှင့်ကျောက်လမ်းအဖြစ်သာရှိခဲ့ပြီး ကတ္တရာလမ်းရာနှုန်းပြည့်ဆောင်ရွက်ပြီးစီးခြင်း ကြောင့် ပခုက္ကူမြို့နယ်၊ကွန်းရွာနှင့်မန်ကျည်းပင်ပုကျေးရွာအုပ်စုအတွင်းက ရွှေတန့်တစ်ကျေးရွာအပါအဝင် ကျေးရွာပေါင်း ၁၈ ရွာမှ အိမ်ခြေ ၂၈၅၈အိမ်၊ လူဦးရေ ၁၃၉၀၇ဦးတို့၏ နွေ၊မိုး၊ ဆောင်းစိုက်ပျိုးသီးနှံနှင့်ဒေသထွက်ကုန်ပစ္စည်းများအား မြို့ပေါ်ဈေး ကွက်များသို့ လွယ်ကူ လျင်မြန်စွာသယ်ယူပို့ဆောင်နိုင်ရေးတို့အတွက် အကျိုးပြုဖြစ်ထွန်းမည်ဖြစ်ကြောင်းသိရသည်။

 

ဆလိုင်းကိုကီး(ပြန်/ဆက်)