လက်ပံတန်း အောက်တိုဘာ ၆
ပဲခူးတိုင်းဒေသကြီး၊ ဝရသာယာတီခရိုင်၊ လက်ပံတန်းမြို့နယ်တွင် အသက် ၁၂ ပြည့်ပြီး အလယ်တန်း၊ အထက်တန်း ကျောင်းသား၊ ကျောင်းသူများအား ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံနိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက်ပိုင်းက အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဘုန်းလှိုင်က လက်ပံတန်းမြို့နယ်တွင် အသက် ၁၂ ပြည့်ပြီး အလယ်တန်း၊ အထက်တန်း ကျောင်းသား၊ ကျောင်းသူများကို ကိုဗစ်−၁၉ ကာကွယ်ဆေး ထိုးနှံပေးခြင်းဖြင့် ကျောင်းသား၊ ကျောင်းသူများမှ တစ်ဆင့် မိသားစုနှင့် ပတ်ဝန်းကျင် ကူးစက်ပြန့်ပွားမှု တားဆီးနိုင်ရန် ရည်ရွယ်ကြောင်း၊ အောက်တိုဘာလအတွင်း အပြီးထိုးနှံ ပေးမည်ဖြစ်ပြီး ကာကွယ်ဆေး ထိုးနှံနိုင်ရေးအတွက် စီစဉ်ဆောင်ရွက်ထားရှိမှု အခြေအနေ များကိုလည်း ရှင်းလင်းပြောကြားခဲ့သည်။
လက်ပံတန်းမြို့နယ်တွင် ကိုဗစ်−၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံရန် အထက(၁၂)၊ အထက−ခွဲ(၈)၊ အလက(၁၀)၊ အလက−ခွဲ(၄)၊ မူလွန် (၁၂)၊ စုစုပေါင်း (၄၆) ကျောင်းရှိပြီး အထက်တန်းအဆင့်တွင် (၁၄၂၁) ဦး၊ အလယ်တန်းအဆင့်တွင် (၄၇၁၆) ဦး စုစုပေါင်း (၆၁၃၇) ဦးကို အုပ်စု(၁၀)စုခွဲ၍ သတ်မှတ်နေ့အလိုက် ထိုးနှံပေးသွားမည်ဖြစ်ကြောင်း မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီမှ သိရသည်။ အစည်းအဝေးသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ကျန်းမာရေးဌာနမှဝန်ထမ်းများ၊ ကျောင်းအုပ်ဆရာ၊ ဆရာမများနှင့် ဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ဝင့်နန္ဒာဌေး (လက်ပံတန်း)