မကွေး ဩဂုတ် ၁၇
ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၏ ဦးဆောင်လမ်းညွှန်မှု၊ ဟိုတယ်နှင့်ခရီးသွားညွှန် ကြားမှုဦးစီးဌာန၏ ကြီးကြပ်မှု၊ မကွေးတိုင်းဒေသကြီးရုံးခွဲ၏စီစဉ်မှု၊ မြန်မာနိုင်ငံဟိုတယ်ဆိုင်ရာ လုပ်ငန်းရှင်များအသင်း (မကွေးဇုန်) ၏ ပူးပေါင်းပါဝင်မှုဖြင့် ကိုဗစ်-၁၉ကြောင့် စီးပွားရေးကျဆင်းလျှက်ရှိသော မကွေးတိုင်းဒေသကြီးရှိ ခရီးစဉ်ဒေသ များတွင် ဟိုတယ်နှင့်ခရီးသွား လုပ်ငန်းများကို ပြန်လည်မြှင့်တင်နိုင်ရန်ရည်ရွယ်၍ ကိုဗစ်-၁၉ Relief Package 2 ဟိုတယ်ဆိုင်ရာဝန်ဆောင်မှု (မွမ်းမံ)သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီခွဲက မကွေးမြို့ နန်းထိုက်သူဟိုတယ်၌ ကျင်းပပြုလုပ်သည်။
အဆိုပါ သင်တန်းဖွင့်ပွဲ အခမ်းအနားသို့ မကွေးတိုင်းဒေသကြီးတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်ချိုလတ်၊ တိုင်းဒေသကြီအဆင့် ဌာနဆိုင်ရာများ၊သင်တန်းနည်းပြများနှင့်သင်တန်းသား သင်တန်းသူများ တက်ရောက်ခဲ့ပြီး မကွေးတိုင်းဒေသကြီး ရုံးခွဲတာဝန်ခံက သင်တန်းဖွင့်လှစ်ခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်း ပြောကြားခဲ့သည်။
အဆိုပါ ကိုဗစ်-၁၉ Relief Package 2 ဟိုတယ်ဆိုင်ရာဝန်ဆောင်မှု (မွမ်းမံ) သင်တန်းများကို ဟိုတယ် လုပ်ငန်း တွင် တိုက်ရိုက်ပါဝင်ပတ်သက် ဆက်စပ်လျှက်ရှိသော မြန်မာနိုင်ငံဟိုတယ်ဆိုင်ရာ လုပ်ငန်းရှင်များ အသင်း (မကွေးဇုန်)၊ မြန်မာနိုင်င ံဟိုတယ်နှင့်ခရီးသွား လုပ်ငန်းဆိုင်ရာကျွမ်းကျင်ပညာရှင်များအသင်းမှ နည်းပြများဖြင့် သင်ကြားပို့ချသွားမည် ဖြစ်ပြီး ဟိုတယ်များတွင် တာဝန်ထမ်းဆောင်လျှက်ရှိသော ဟိုတယ်ဝန်ထမ်းများ စုစုပေါင်း (၄၀)ဦး တို့ တက်ရောက်ကာ၊ သင်တန်းသား သင်တန်းသူတစ်ဦးစီအတွက် တစ်ရက်လျှင် အနိမ့်ဆုံးလုပ်ခလစာ (၄၈၀၀ကျပ်)နှုန်းဖြင့် ဟိုတယ်နှင့် ခရီး သွားလာရေးဝန်ကြီးဌာနမှ ထောက်ပံ့ ပေးသွားမည်ဖြစ်ကြောင်းသိရသည်။
ယင်း ကိုဗစ်-၁၉ Relief Package 2 ဟိုတယ်ဆိုင်ရာဝန်ဆောင်မှု (မွမ်းမံ) သင်တန်းကို ယနေ့မှ စတင်၍ ဖွင့်လှစ် သင်ကြားမည်ဖြစ်ပြီး ရက်သတ္တပတ် (၃)ပတ် ( ၁၅ ရက် ကြာ ) သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရှိရသည်။
သန်းနိုင်ဦး(ငဖဲ)