နတ်မောက် အောက်တိုဘာ ၆
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ်တွင် နိုင်ငံသားတိုင်း နိုင်ငံသားစိစစ်ရေးကတ်များ ရရှိစေရန် အတွက် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ ဆောင်ရွက်ပေး လျက်ရှိသည့်ပန်းခင်းစီမံချက်ဖြင့် နတ်မောက်မြို့ အိုင်ဇောက်ကျေးရွာရှိဒေသခံပြည်သူများအား အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်များပြုလုပ်ပေးခြင်းကို ယမန်နေ့နံနက်(၉)နာရီ အချိန်ခန့်က အိုင်ဇောက်ကျေးရွာသို့ သွားရောက်ကွင်းဆင်းဆောင်ရွက်ပေးခဲ့သည်။
ထိုသို့ဆောင်ရွက်ပေးရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများက ဆောင်ရွက်ပေးခဲ့ရာ ၃(က) ဖြင့်နိုင်ငံသား စိစစ်ရေး ကတ်ပြုလုပ်သူ ကျား(၈)ဦး၊ မ(၁၀)ဦး၊ ၆(က) ဖြင့်နိုင်ငံသားစိစစ်ရေးကတ်ပြုလုပ်သူ ကျား(၁၈) ဦး ၊ မ (၂၃) ဦးစုစုပေါင်း (၅၉)ဦး ပြုလုပ်ပေးခဲ့ ကြောင်း သိရသည်။
ပန်းခင်းစီမံချက်ဖြင့်ဆောင်ရွက်ပေးရာတွင် လက်ရှိဒေသ၌အမြဲနေထိုင်ပြီး အိမ်ထောင်စုလူဦးရေစာရင်းရှိပြီး နိုင်ငံသားစိစစ်ရေးကတ်မရှိသေးသူများ၊ လက်ရှိဒေသ သို့တခြားဒေသမှ ပြောင်းရွှေ့နေထိုင်သူများတွင် မူလဒေသ၌ အိမ်ထောင်စုလူဦးရေစာရင်းရှိပြီး နိုင်ငံသားစိစစ်ရေးကတ်မရှိသေးသူများ၊ ရွှေ့ပြောင်းနေထိုင်သူ များအနက် မူလဒေသ တွင်လည်းအိမ်ထောင်စုလူဦးရေစာရင်းမရှိ၊ နိုင်ငံသားစိစစ်ရေးကတ်များလည်း မရှိသေးသူများအား ဥပဒေနှင့်အညီဖြေလျှော့မှုများဖြင့် ဆောင်ရွက်ပေး သွားမည်ဖြစ် ကြောင်းသိရသည်။
လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှုးရုံးအနေဖြင့် ကျန်ရှိနေသည့်ရပ်ကွက်၊ ကျေးရွာများသို့ ပန်းခင်းစီမံချက်ဖြင့်နိုင်ငံသားစိစစ်ရေးကတ်များကို သတ်ဆိုင်ရာ ရပ်ကျေးအုပ်ချုပ်ရေး မှုးများ နှင့်ပူးပေါင်း၍ ဆက်လက်ကွင်းဆင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ဦးစီးမှုးရုံးမှ ဦးစီးအရာရှိ ဦးမျိုးတင့်ထံမှသိရသည်။
သင်းသင်းမြတ်