မြောင်းမြ အောက်တိုဘာ ၆
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်တွင် လယ်ယာကဏ္ဍတိုးတက် ဖွံ့ဖြိုးရေးနှင့် တောင်သူလယ်သမား ဘဝမြင့်မားရေးအလုပ်ရုံဆွေးနွေးပွဲကို ယမန်နေ့ နေ့လယ် (၁)နာရီက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြရွှေဝါခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ခမ်းအနားတွင် ခရိုင်အုပ်ချုပ်ရေးမှူး ဦးစန်းဌေးက အဖွင့်အမှာစကားပြောကြားပြီး မြောင်းမြခရိုင် စိုက်ပျိုးရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါ်အေးအေးမြင့် မြန်မာနိုင်ငံ၏ စိုက်ပျိုးမှုပတ်ဝန်းကျင်ဇုန် (Agroecological Zone) များအရ သီးနှံအမယ်စုံ စိုက်ပျိုးရေးဆိုင်ရာအချက်အလက်ဖြစ်သည့် မြန်မာနိုငံ၏ စိုက်ပျိုးမှုပတ်ဝန်းကျင်ဇုန်များ သတ်မှတ်ခြင်၊ မိုးရွာသွန်းမှုအုပ်စု (၃)ခုနှင့်မြေအမျိုး အစားခွဲခြားမှုတို့ကို ပေါင်းစပ်၍ မတူညီသော စိုက်ပျိုးမှုပတ်ဝန်းကျင်ဇုန်များအလိုက် အဓိကစိုက်ပျိုးဖြစ်ထွန်း နိုင်သော သီးနှံများနှင့် အမယ်စုံသီးနှံစိုက်ပျိုးရေးအတွက် ရှုထောင့်ပေါင်း စုံမှ ထည့်သွင်းစဉ်းစားသင့်သည့် အခန်းကဏ္ဍများ သက်ဆိုင်သည့်ကိစ္စရပ်များနှင့် ပြဿနာများကို ရှင်းလင်းတင်ပြခဲ့သည်။ ၎င်းနောက် တက်ရောက်လာကြသော ကိုယ်စားလှယ်များ ပါဝင်သည့် အစုအဖွဲ့(၃)ဖွဲ့ခွဲ၍ လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးနှင့် တောင်သူလယ်သမားဘဝမြင့်မားရေး ဆိုင်ရာ တွေ့ကြုံ နေရသည့်အခက်အခဲများ၊ ဖြေရှင်းဆောင်ရွက်ရန်နည်းလမ်းများအားဝိုင်းဝန်း ဆွေးနွေးခြင်း ဆွေးနွေးရရှိချက်များအားပြန်လည် သုံးသပ်ဆွေးနွေးခြင်းများ ပြုလုပ်ခဲ့ကြကြောင်းသိရပါသည်။
စန္ဒာကြည်(ခရိုင်ပြန်/ဆက်)