ငွေဆောင် အောက်တိုဘာ ၆
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငွေဆောင်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ဖြစ်ပွားမှုကို ထိရောက်စွာ ကာကွယ်၊ ထိန်းချုပ်၊ ကုသနိုင်ရေးအတွက် အသိပညာပေးနှိုးဆော်ခြင်း လုပ်ငန်း များကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၈ နာရီချိန်တွင် အ.ထ.က ငွေဆောင် ကျောင်းရှေ့လမ်းဆုံ၌ ပြည်သူများအား နှာခေါင်းစည်း(Mask) အခမဲ့ပေးဝေခြင်းနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး အသိပညာပေးနှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့သည်။
ထိုသို့ ဆောင်ရွက်ရာတွင် ငွေဆောင်မြို့အတွင်း လမ်းသွားလမ်းလာပြည်သူများအား တတ်နိုင်သမျှ အိမ်တွင်း၌သာ နေထိုင်ရန်၊ အိမ်အပြင်ထွက်ပါက ပါးစပ်နှင့်နှာခေါင်စည်း(Mask)ကို မဖြစ်မနေတပ်ဆင်ရန်၊ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါ လမ်းညွှန်ချက်များကို လိုက်နာကြရန် မြို့အုပ်ချုပ်ရေးမှူး ဦးဝင်းကျော်နှင့်ဌာနဆိုင်ရာများမှ ပူးပေါင်း၍ အသိပေးခြင်း လုပ်ငန်းများ ဆောင်ရွက်ခဲ့ပြီး လမ်းသွားလမ်းလာ ပြည်သူများအား နှာခေါင်းစည်း (Mask ) အခု (၅၀၀) အခမဲ့ပေးဝေခဲ့ကြောင်း သိရသည်။
ငွေဆောင်မြို့တွင် ဇူလိုင်လ ၂ ရက်နေ့မှ ယနေ့အထိ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူ(၂၀၁)ဦး၊ သေဆုံး သူ(၃)ဦး ဖြစ်ပြီးလက်ရှိ ကုသမှုခံယူနေသည့် လူနာ(၁၂)ဦးဖြစ်ရာ ဆက်လက်မပျံ့ပွားစေရန် ရည်ရွယ်ချက်ဖြင့် ယခုလိုကြိုတင်ကာကွယ်ရေး လုပ်ငန်းများ ဆောင်ရွက်ခြင်းဖြစ်ကြောင်းသိရသည်။
မူမူ (ငွေဆောင်)