ဘားအံ အောက်တိုဘာ ၅
ကရင်ပြည်နယ်၊ ဘားအံမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးနှင့်ပြည်သူ့အကျိုးပြုလုပ်ငန်းများ ဆောင်ရွက်ရာတွင် ပိုမိုထိရောက်အောင်မြင်စေရေးအတွက် ကရင်ပြည်နယ်အစိုးရအဖွဲ့နှင့် ဘားအံမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူးများ တွေ့ဆုံဆွေးနွေးပွဲကို ယမန်နေ့နံနက် ၁၀ နာရီခန့်က ဘားအံမြို့ ဇွဲကပင်ခန်းမ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက ဒေသတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးနေမှုနှင့် ဆက်လက်ထိုးနှံပေးမည့်အစီအမံများအရ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလကုန်ပိုင်းတွင် ကာကွယ်ဆေးထိုးနှံရမည့်သူများ၏ ၅၀ ရာခိုင်နှုန်းကျော်ကို ထိုးနှံပြီးစီးရန် မျှော်မှန်းထားကြောင်း၊ သက်ဆိုင်ရာ ခရိုင်၊ မြို့နယ်များအလိုက် အသက် ၁၂ နှစ်နှင့်အထက် ကျောင်းသား၊ကျောင်းသူများကို သီးခြားကာကွယ်ဆေး ထိုးနှံပေးသွားမည်ဖြစ်ပြီး ကာကွယ်ဆေးထိုး စာရင်းပြုစုခြင်းနှင့် ဆေးထိုးလုပ်ငန်းစဉ်များတွင် ကျေးရွာအုပ်ချုပ်ရေးမှူးများက ပူးပေါင်းကူညီ ဆောင်ရွက်ကြဖို့လိုကြောင်း၊ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသား စိစစ်ရေး ကတ်ပြားများကွင်းဆင်းဆောင်ရွက်ရာတွင်လည်း ရည်မှန်းချက် ပြည့်မီကျော်လွန်ရေး အတွက် ကျယ်ကျယ်ပြန့်ပြန့် ဆော်ဩစည်းရုံးပေးဖို့လိုကြောင်း၊ ကိုဗစ်ကာလတွင် ဆန်၊ ဆီ၊ ကြက်ဥ စသည့်အခြေခံစားသောက်ကုန်များကို သင့်တင့်သည့်ဈေးနှုန်းဖြင့် လိုက်လံရောင်းချပေးလျှက်ရှိပြီး မိမိရပ်ကွက်/ကျေးရွာအုပ်စုတွင် လာရောက်ရောင်းချ စေလိုပါက တင်ပြနိုင်ပါကြောင်း၊ မြို့နယ်အဆင့်၊ ရပ်ကွက်/ကျေးရွာအုပ်စုအဆင့် အားကစားပြိုင်ပွဲများ ပြန်လည် ကျင်းပပေးသွားရန် လျာထားပြီး ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားကြစေလိုကြောင်း၊ စိုက်ပျိုးမွေးမြူရေးကို အခြေခံပြီး မိမိတို့ ရပ်ကွက်/ကျေးရွာအုပ်စုများတွင် အလုပ်အကိုင်အခွင့်အလမ်းများ တိုးပွားအောင် ဆောင်ရွက်ပေးကြဖို့ လိုကြောင်း ပြောကြားသည်။
ထို့နောက် ယခင်လက ကျင်းပပြုလုပ်သည့် တွေ့ဆုံပွဲတွင် ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၏ ဒေသဖွံ့ဖြိုးရေးလုပ်ငန်း တင်ပြချက်များအပေါ် ဖြည့်ဆည်းဆောင်ရွက် ပြီးစီးမှုများကို ဖတ်ကြားရှင်းလင်းပြီး ကရင်ပြည်နယ်အစိုးရအဖွဲ့ သယံဇာတရေးရာဝန်ကြီး၊ စီးပွားရေးရာဝန်ကြီး၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး၊ လူမှုရေးရာ ဝန်ကြီးနှင့် ဘားအံခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌတို့က ပညာရေး၊ ကျန်းမာရေး၊ စိုက်ပျိုးမွေးမြူရေး၊ ယာဉ်လိုင်စင်နှင့် လမ်းဧရိယာအတွင်း ကျူးကျော်နေထိုင်မှုများ၊ ပန်းခင်းစီမံချက်ဆိုင်ရာများအား ဆွေးနွေးပြောကြားသည်။
ယင်းနောက် တွေ့ဆုံပွဲသို့ တက်ရောက်လာကြသော ဘားအံမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူးများက လမ်း၊ လျှပ်စစ်မီး၊ ကျန်းမာရေး၊ စိုက်ပျိုးမွေးမြူရေး၊ အားကစားနှင့် ဒေသဖွံ့ဖြိုးရေးဆိုင်ရာ လိုအပ်ချက် လိုလားချက်များကို ဆွေးနွေးတင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်က ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီး နိဂုံးချုပ်အမှာစကားပြောကြားသည်။
ဆက်လက်၍ (၆၆)နှစ်မြောက်ကရင်ပြည်နယ်နေ့အခမ်းအနားကျင်းပရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို မွန်းလွဲ ၂ နာရီခန့်က ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၂)၌ကျင်းပရာ ကရင်ပြည်နယ်နေ့ကျင်းပရေးစီမံ ခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက ပြည်နယ်နေ့အခမ်းအနားနှင့်မုခ်ဦးဖွင့်ပွဲကို ကိုဗစ်-၁၉ ဆိုင်ရာစည်းကမ်းသတ်မှတ်ချက်များနှင့်အညီ ကျင်းပသွားမည်ဖြစ်ကြောင်း၊ ထိုနေ့တွင် ထူးချွန်ဆုများ ချီးမြှင့်ပေးသွားမည်ဖြစ်ပြီး ပြပွဲ၊ ပြိုင်ပွဲများ၊ ပြခန်းများ၊ ကရင်ရိုးရာဒုံးအကနှင့်ဖျော်ဖြေပွဲများ၊ ရိုးရာလက်ဝှေ့ပွဲများ ထည့်သွင်းကျင်းပ သွားရန် မျှော်မှန်ထားကြောင်း ပြောကြားသည်။
ထို့နောက် ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူးနှင့်ဝန်ကြီးများက ကရင်ပြည်နယ်နေ့အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေး ဆောင်ရွက်ရမည့်လုပ်ငန်းများ၊ လိုအပ်ချက်များအား ဖြည့်စွက် ဆွေးနွေးတင်ပြကြပြီး အခမ်းအနား ပြင်ဆင်ရေး၊ နေရာထိုင်ခင်းပြင်ဆင်ရေး၊ နေရာချထားရေး၊ ကျန်းမာရေး၊ သန့်ရှင်းရေး၊ ရန်ပုံငွေရှာဖွေရေး၊ စာရင်းစစ်ဆေးရေး၊ သယ်ယူပို့ဆောင်ရေး၊ လုံခြုံရေးနှင့်စည်းကမ်းထိန်းသိမ်းရေး၊ ပြခန်းကြီးကြပ်ရေး၊ ပြန်ကြားရေး မှတ်တမ်း ထိန်းသိမ်းရေးနှင့် ဖိတ်ကြားရေး၊ ပို့စကဒ် ပြက္ခဒိန်မဂ္ဂဇင်း ထုတ်ဝေရေး၊ ဆုချီးမြှင့်ရေး အထောက်အကူပြုလုပ်ငန်း ကော်မတီများက သက်ဆိုင်ရာကဏ္ဍအလိုက် ဆွေးနွေးတင်ပြကြရာ ကရင်ပြည်နယ်နေ့ကျင်းပရေးစီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီး နိဂုံးချုပ်အမှာစကားပြော ကြားခဲ့ကြောင်း သတင်းရရှိသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)