မင်းလှမြို့နယ်၊ အလယ်ကုန်းကျေးရွာအုပ်စုရှိ ပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်များ အခမဲ့ပြုလုပ်ပေး

မင်းလှ အောက်တိုဘာ ၆

ပဲခူးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်တွင် နိုင်ငံသားတိုင်း နိုင်ငံသားစိစစ်ရေးကတ်များ ရရှိစေရန်အတွက် မြို့နယ်လူဝင်မှုကြီးကြပ် ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ ဆောင်ရွက်ပေးလျက်ရှိရာ ပန်းခင်းစီမံချက်ဖြင့် အလယ်ကုန်း‌ကျေးရွာ အုပ်စုရှိ ဒေသခံပြည်သူများအား အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်များ ပြုလုပ်ပေးခြင်းကို ယမန်နေ့ နံနက် ၉ နာရီချိန်က သွားရောက်ကွင်းဆင်းဆောင်ရွက်ပေးခဲ့သည်။

ထိုသို့ဆောင်ရွက်ပေးရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူး ဦးတင်ကိုလတ်နှင့် ဝန်ထမ်းများ က ဆောင်ရွက်ပေးခဲ့ရာ ၃(က) ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြုလုပ်သူ (၂၃)ဦး၊ ၆(က)ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြုလုပ်သူ(၂၁)ဦး၊ နိုင်ငံသားစိစစ်ရေးကတ်လဲလှယ်သူ (၂၇)ဦး စုစုပေါင်း အမျိုးသား၊ အမျိုးသမီး(၇၁)ဦး ပြုလုပ်ပေးနိုင်ခဲ့ကြောင်း သိရသည်။

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးအနေဖြင့် ကျန်ရှိနေသည့် ရပ်ကွက်၊ ကျေးရွာများသို့ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်များကို သက်ဆိုင်ရာ ရပ်ကျေးအုပ်ချုပ်ရေးမှူးများနှင့် ပူးပေါင်း၍ ဆက်လက်ကွင်းဆင်း ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရ သည်။

ပေါက်စ မင်းလှ