ဘားအံ အောက်တိုဘာ ၄
ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ကရင်ပြည်နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၏ ကရင်ပြည်နယ်အစိုးရအဖွဲ့ ခွင့်ပြုရန်ပုံငွေဖြင့်ဆောင်ရွက်သော ဘားအံမြို့နယ် ခြံကလေး-တောင်သူကုန်း-ဖအွံလမ်းနှင့် မိန်းမလှကျွန်း-ဖအွံလမ်း ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲကို ယမန်နေ့နံနက် ၈ နာရီခန့်က ခြံကလေးကျေးရွာ အဆိုပါ လမ်းပိုင်း၌ ကျင်းပသည်။
လမ်းဖွင့်ပွဲတွင် ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက အဖွင့်အမှာစကား ပြောကြားပြီး ကရင်ပြည်နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး(မြို့ပြ) ဦးအောင်နိုင်ထွန်းကလမ်းနှင့် ပတ်သက်သည်များ ရှင်းလင်းပြောကြားကာ ခြံကလေးကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဖိုးသာထူးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။
ထို့နောက် ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ်ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ်ဇော်မင်းအောင်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးသိန်းကိုကို၊ ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးစောခင်မောင်မြင့်နှင့် ပြည်နယ်လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီးခင်ဇော်တို့က ခြံကလေး-တောင်သူကုန်း-ဖအွံလမ်းနှင့် မိန်းမလှကျွန်း-ဖအွံလမ်း ကွန်ကရစ်လမ်းသစ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် အဆိုပါလမ်းအား ဖြတ်သန်းကြည့်ရှု စစ်ဆေးခဲ့ကြပြီး လမ်းဘေးဝဲယာတစ်လျှောက်ရှိ တောင်သူများစိုက်ပျိုးထားသည့် စိုက်ခင်းများအား ကြည့်ရှုအားပေးကာ လယ်ယာလုပ်ငန်းခွင်အတွင်းရှိတောင်သူများနှင့်တွေ့ဆုံ၍ အခက်အခဲများ၊ လိုအပ်ချက်များအား ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။
ယနေ့ဖွင့်လှစ်သည့် ခြံကလေး-တောင်သူကန်း-ဖအွံလမ်း ၂ မိုင်း ၆ ဖာလုံကို မာန်မြင့်ဟိန်း ကုမ္ပဏီနှင့် မိန်းမလှကျွန်း-ဖအွံလမ်း ၃ မိုင် ၁ ဖါလုံကို စိုးမိုးသူကုမ္ပဏီတို့မှ ၂၀၂၀-၂၀၂၁ ခု ဘဏ္ဍာရေးနှစ် ပြည်နယ်ငွေလုံးငွေရင်း ရန်ပုံငွေကျပ်(၂၀၃၇ ဒသမ၆)သန်းဖြင့် တာဝန်ယူ ဆောင်ရွက်ခဲ့ခြင်းဖြစ်ကာ ယခင်က မိုးရာသီတွင် ရေကြီးနစ်မြုပ်၍ ဖအွံချောင်းကို ဖြတ်သန်း မရသဖြင့် လမ်းပန်းဆက်သွယ်ရေးခက်ခဲ့ရာမှ ယခုအခါ ကွန်ကရစ်လမ်းများအဖြစ် အဆင့်မြှင့်တင်နိုင်ခဲ့ခြင်း ဖအွံချောင်းကူးတံတား(၃၆၀)ပေ တည်ဆောက်ပြီးစီးခြင်းတို့ကြောင့် ဒေသထွက်ကုန် သီးနှံများကို အချိန်တိုအတွင်း ဈေးကွက်သို့တင်ပို့ရောင်းချနိုင်တော့မည်ဖြစ်ရာ ဒေသခံတိုင်းရင်းသားပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံဖြိုးတိုးတက်မှုကို များစွာ အထောက်အကူပြုနိုင်မည်ဖြစ်သည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ခြံကလေးအောင်ရတနာကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တ ဝိမလ အား သွားရောက်ဖူးမျှော်ကြည်ညို၍ လှူဖွယ်ဝတ္ထုပစ္စည်းများနှင့် နဝကမ္မ အလှူတော်ငွေများ ဆက်ကပ်လှူဒါန်း ခဲ့ကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဖအွံကျေးရွာ ရွှေဖအွံကျောင်းကြီးဆရာတော် ဘဒ္ဒန္တဥဣန္ဒကအား ဖူးမျှော်ကြည်ညို၍ ဒေသဖွံ့ဖြိုးရေးဆိုင်ရာများနှင့် သာသနာတော်ဆိုင်ရာ များအား လျှောက်ထားတင်ပြပြီး လှူဖွယ်ဝတ္ထုပစ္စည်းများနှင့် နဝကမ္မအလှူတော်ငွေများ ဆက်ကပ်လှူဒါန်းခဲ့ကြကာ ပြည်နယ်ဝန်ကြီးချုပ်က ဖအွံကျေးရွာ လူမှုကယ်ဆယ်ရေးအဖွဲ့အား (၄၀)လီတာဆံ့ အောက်စီဂျင်တလင်ဒါအိုး(၅)လုံးနှင့် ထောက်ပံ့ငွေကျပ် (၅)သိန်းကို ပေးအပ်လှူဒါန်းခဲ့သည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် သံလွင်မြင်ရေတိုက်စားမှုကြောင့် မိန်းမလှကျွန်း ကျေးရွာ မြစ်ကမ်းနဖူးပြိုကျမှုအား သွားရောက်ကြည့်ရှု့စစ်ဆေးခဲ့ပြီး ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင် ရွက်ပေးခဲ့သည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်သည် ထုံးအိုင်တိုက်နယ် ပြည်သူ့ဆေးရုံသို့ရောက်ရှိပြီး ဆေးရုံ တက်ရောက်ကုသမှုခံယူနေသူများအား ရင်းရင်းနှီးနှီးတွေ့ဆုံအားပေးစကားပြောကြား၍ အာဟာရဖြည့်စွက်အစား အစာများထောက်ပံ့ပေးအပ်ကာ ဆေးရုံတွင်တာဝန်ထမ်းဆောင် လျက်ရှိသော တိုက်နယ်ဆရာဝန်နှင့်ကျန်းမာရေး ဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများအား ဂုဏ်ပြုချီးမြှင့်ငွေနှင့် စားသောက်ကုန်ပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့သည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)