ဟားခါး အောက်တိုဘာ ၆
ချင်းပြည်နယ်အစိုးရအဖွဲ့နှင့် ပြည်နယ်အဆင့် ဌာနဆိုင်ရာများ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ နံနက် ၁၀နာရီက ဟားခါးမြို့ ပြည်နယ်အစိုးရအဖွဲ့ရုံးအစည်း အဝေးခန်းမ၌ကျင်းပရာ အစည်းအဝေးသို့ ပြည်နယ်ဝန်ကြီးချုပ် ဦးငွန်ဆန်းအောင်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများနှင့် တာဝန်ရှိ သူများတက်ရောက်ကြသည်။
အစည်းအဝေး၌ ပြည်နယ်ဝန်ကြီးချုပ် ဦးငွန်ဆန်းအောင်က အမှာစကားပြောကြားရာတွင် ချင်းပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ၂၀၂၁ ခုနှစ် အောက်တိုဘာလမှ ၂၀၂၂ မတ်လ အထိ(၆) လအတွင်း ပြည်ထောင်စုနှင့် ပြည်နယ်ခွင့်ပြုရန်ပုံငွေဖြင့်ဆောင်ရွက်မည့် လုပ်ငန်းစီမံကိန်းများနှင့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများအား နိုင်ငံတော်သမ္မတရုံး၏ ၁.၄.၂၀၁၇ ရက်စွဲပါ တင်ဒါညွှန်ကြားချက် အမှတ် (၁/၂၀၁၇)နှင့်အညီ ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ လုပ်ငန်းများဆောင်ရွက်ရာတွင် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်ခဲ့သည့်လုပ်ငန်းများ၏ အားသာချက်၊ အားနည်းချက် များအပေါ် သုံးသပ်၍ (၆)လအတွင်း လုပ်ငန်းများပြီးစီး အောင် အကောင်အထည်ဖော်ဆောင် ရွက်ရန်လိုကြောင်း၊ တင်ဒါခေါ်ယူခြင်းလုပ်ငန်းများအား တစ်လအတွင်း ဆောင်ရွက်ရန်နှင့် တင်ဒါကြော်ငြာရာတွင် သတ်မှတ်သည့်နည်းလမ်းများအတိုင်း သတင်းစာများတွင် ထည့်သွင်း ကြော်ငြာရန်လိုကြောင်း၊ ဌာန၊ အဖွဲ့အစည်းအလိုက် ဆောင်ရွက်မည့် တည်ဆောက်ရေးလုပ်ငန်း များအား အစိုးရအဖွဲ့သို့တင်ပြရန်လိုကြောင်း၊ မကြာမီ အလယ်တန်းနှင့် အထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးရန်ရှိ သည့်အတွက် ပူးပေါင်းပါဝင်ဆောင်ရွက်ပေးရန် အမှာစကားပြောကြားသည်။
ထို့နောက် တက်ရောက်လာကြသည့် ဌာနဆိုင်ရာတာဝန်ရှိသူများက ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် အတွင်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု၊ ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလမှ ၂၀၂၂ ခုနှစ် မတ်လအထိ (၆)လ အတွင်း လုပ်ငန်းစီမံကိန်းများနှင့်စပ်လျဉ်း၍ တင်ဒါခေါ်ယူရန်စီစဉ် ဆောင်ရွက်ထားရှိမှုအခြေအနေများနှင့် လုပ်ငန်းလိုအပ်ချက်များကို ရှင်းလင်းတင်ပြကြသည်။
ယင်းနောက် တင်ပြချက်များအပေါ် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဟန်ဝင်းအောင်၊ စီးပွားရေးဝန်ကြီး ဦးဟန်ကျင့်ဇမ်း၊ သယံဇာတရေးရာဝန်ကြီး ဦးကျော်ငြိမ်း၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီးစိုးလွင်မိုး၊ ပြည်နယ်ဥပဒေချုပ် ဦးဆွန်ဒုတ်ကျင်နှင့် ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး ဦးမောင်မောင်ဆန်းတို့က အကြံပြုဖြည့်စွက်ဆွေးနွေးကြပြီး ပြည်နယ် ဝန်ကြီးချုပ်က လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
ခရိုင် ( ပြန်/ဆက် )