ကလေးမြို့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ပထမအကြိမ်ထိုးနှံပေး ကာကွယ် ဆေးထိုးနှံပြီး သူပေါင်း ၁၈၀၀၀ ကျော်ရှိ

ကလေး အောက်တိုဘာ ၆

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးမြို့၌ ကိုဗစ်-၁၉ ရောဂါ ထိရောက်စွာ ကာကွယ်တားဆီးနိုင်ရေးအတွက် သက်ဆိုင်ရာနယ်မြေ၊ ရပ်ကွက်များအလိုက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများထိုနှံပေးရာ ဦးတည်အုပ်စုများတွင် အသက် ၅၅ နှစ်နှင့်အထက်ရှိသူများ၊ မသန်စွမ်းသူများ၊ နာတာရှည်နှင့် မကူးစက်နိုင်သောရောဂါရှိသူများ၊ လူမှုကူညီရေးအသင်း အဖွဲ့ဝင်များ၊ ဝန်ထမ်းနှင့် ဝန်ထမ်းမိသားစုများကို ယနေ့နံနက် ၉ နာရီမှ ၁၂ နာရီအချိန်အထိ ပြည်သူ့ကျန်းမာရေးဌာနမှဝန်ထမ်းများက သတ်မှတ်စုရပ်များတွင် ကာကွယ်ဆေးများ ထိုးနှံပေး ခဲ့ကြောင်း သိရသည်။

 

ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများထိုးနှံပေးရာ သတ်မှတ်စုရပ်နေရာဖြစ်သည့် မြို့နယ် စုပေါင်းရုံတွင် အောင်မြေမာန်ရပ်ကွက်၊ အောင်မင်္ဂလာရပ်ကွက်၊ အောင်သစ္စာရပ်ကွက်၊ အောင်ဇေယျရပ်ကွက်နှင့် အောင်မတ္တာရပ်ကွက်၊ ညောင်ပင်သာရပ်ကွက်၊ မြို့သာရပ်ကွက်နှင့် မင်္ဂလာဥယျာဉ်ရပ်ကွက်တို့ကိုလည်းကောင်း၊ မြို့တော်ခန်းမစုရပ်တွင် ချမ်းမြေ့အောင်စည် ရပ်ကွက်၊ ပင်လုံရပ်ကွက်၊ တပ်ဦးသီတာရပ်ကွက်၊ သဇင်ရပ်ကွက်နှင့် စမ်းမြို့ရပ်ကွက်၊ တာဟန်းရပ်ကွက်၊ တောင်ဖီလာရပ်ကွက်၊ လှိုင်သာယာရပ်ကွက်၊ တောင်ဇလပ်ရပ်ကွက်၊ ကြို့သုံးပင်ရပ်ကွက်၊ မြို့လှရပ်ကွက်နှင့် အင်ဒိုင်းကုန်းရပ်ကွက်တို့တွင်နေထိုင်သူများသည် သက်ဆိုင်ရာရပ်ကွက် စုရပ်များတွင် မှတ်ပုံတင်(သို့မဟုတ်) အိမ်ထောင်စုစာရင်း အားယူဆောင်၍ စာရင်းပေးသွင်းပြီး ကာကွယ်ဆေးများ လာရောက်ထိုးနှံနိုင်ကြောင်း ကိုဗစ်-၁၉ ရောဂါကုသရေး နှင့် အရေးပေါ် တုန့်ပြန်ရေးကော်မတီထံမှ သိရသည်။  

 

ကာကွယ်ဆေးထိုးနှံပေးရာစုရပ်နေရာအသီးသီးသို့ ဒေသကွက်ကဲရေးစစ်ဌာနချုပ် (ကလေး) မှ ဗိုလ်မှူးချုပ် သန့်စင်ဦး၊ ကလေးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စွာထွန်း၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးလှစိုး၊ ခရိုင်ပြည့်သူ့ကျန်းမာရေးမှ ဒေါက်တာဝင်းချိုချိုအောင် နှင့် တာဝန်ရှိသူများက လိုက်လံကြည့်ရှုအားပေးခဲ့ကြပြီး ကာကွယ်ဆေးထိုးရန် လာရောက်သူများ အား စာရင်းသွင်းမှတ်တမ်းယူခြင်း၊ တစ်ဦးနှင့်တစ်ဦး ခြောက်ပေအကွာတွင် စနစ်တကျ နေရာယူစေခြင်းများနှင့် လိုအပ်သည်များကို မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊   ကိုဗစ်-၁၉ ရောဂါ တိုက်ဖျက်ရေး နှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှတာဝန်ရှိသူများ၊ လူမှုကူညီရေးအသင်းတို့မှ ပူးပေါင်းကူညီဆောင်ရွက် ပေးခဲ့ကြောင်းသိရသည်။

 

ကလေးမြို့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို လူဦးရေစုစုပေါင်း (၁၈၈၅၀)ဦးကို ကာကွယ်ဆေးထိုးနှံပေးခဲ့ပြီး ကိုဗစ်-၁၉ ရောဂါပိုးစစ်ဆေးတွေ့ရှိသူ (၂၀) ဦးကို ကုတင်(၃၀၀) ပြည်သူ့ဆေးရုံနှင့် တိုင်းရင်းဆေးရုံတို့တွင် ကုသပေးလျှက်ရှိကြောင်းသိရသည်။

 

မောင်ကျော်(ပြန်/ဆက်)