ပွင့်ဖြူ အောက်တိုဘာ ၆
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ကိုဗစ် - ၁၉ ရောဂါ ပိုးတွေ့အတည်ပြုလူနာများနှင့် အခြားသော နာမကျန်း လူနာများအတွက် အောက်ဆီဂျင် လိုအပ်ချက်အခက်အခဲ မဖြစ်စေရေးအတွက် ပွင့်ဖြူမြို့ ၊ သက်တော်ရှည် ရပ်ကွက်ရှိ စကားဝါလမ်းထောင့်နှင့် အင်ကြင်းလမ်းထောင့်ရှိ မြေကွက်တွင် အောက်ဆီဂျင်စက်ရုံ အကောင်အထည်ဖော် တည်ဆောက်လျက်ရှိရာ ယမန်နေ့နံနက်ပိုင်းက အောက်ဆီဂျင်စက်ရုံအတွက် အသုံးပြုမည့် ၂၀၀ ကေဗွီအေ ထရန်စဖော်မာနှင့် စပ်ဆက်ပစ္စည်းများ ရောက်ရှိလာပြီဖြစ်၍ မြို့နယ်လျှပ်စစ်မန်နေဂျာ ဦးတင့်ဇော်နှင့် ဝန်ထမ်းများက လျှပ်စစ်မီးအသုံးပြုနိုင်ရေး လုပ်ငန်းများ စတင်ဆောင်ရွက်လျက်ရှိကြောင်း အဆိုပါ အောက်ဆီဂျင်စက်ရုံဖြစ်မြောက်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးတင်ဝမ်း ထံက သိရသည်။
အဆိုပါ အကောင်အထည်ဖော် တည်ဆောက်နေသည့် အောက်ဆီဂျင်စက်မှာ 30 Nm3/h အမျိုးအစားဖြစ်ပြီး တစ်ရက်လျှင် ၄၀ လီတာ အောက်ဆီဂျင်အိုး အလုံးရေ ၁၂၀ ခန့် ထွက်ရှိမည်ဖြစ်ကြောင်း ၊ ယင်း အောက်ဆီဂျင်စက်အား တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ထောက်ပံ့ပေးခြင်းဖြစ်ကာ စက်တန်ဖိုးအနေဖြင့် ငွေကျပ် သိန်း ၉၀၀ ကျော် ရှိကြောင်း ၊ လိုအပ်သော စက်ရုံတည် ဆောက်ခြင်းနှင့် အခြားစပ်ဆက်လုပ်ငန်းများကို မြို့နယ်ကိုဗစ် - ၁၉ ရောဂါကာကွယ်ထိန်းချုပ် ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ဦးဆောင်မှုဖြင့် မြို့နယ်သမ္မာဆန္ဒကရုဏာရှင်များနာမှုကူညီရေးအသင်းနှင့် မြို့မိ မြို့ဖများ ပူးပေါင်း၍ အကောင်အထည်ဖော် တည်ဆောက်နေခြင်းဖြစ်ပြီး စက်ရုံတည်ဆောက်ခြင်းအတွက် ခန့်မှန်း ကုန်ကျငွေကျပ် သိန်း ၇၀၀ ခန့် ကုန်ကျမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ အောက်ဆီဂျင်စက်ရုံအား အောင်မြင်စွာ တည်ဆောက်ပြီးစီးနိုင်ရေးအတွက် မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာများနှင့် မြို့နယ်သူ/မြို့နယ်သားများက အလှူငွေများ ထည့်ဝင်လှူဒါန်းပေးကြကြောင်း ၊ ထို့အပြင် စက်ရုံတည်ဆောက်ရာတွင် လိုအပ်သော အုတ် ၊ သဲ ၊ ကျောက်ပစ္စည်းများ ကိုလည်း မြို့နယ်အတွင်းရှိ အုတ် ၊ သဲ ၊ ကျောက် လုပ်ငန်းရှင်များက ကူညီပံ့ပိုးလှူဒါန်းပေးကြကြောင်းနှင့် ယခုအခါ အောက်ဆီဂျင်စက် ထားရှိမည့် အဆောက်အအုံ တည်ဆောက်ခြင်းလုပ်ငန်းမှာ ရာနှုန်းပြည့်ပြီးစီးသွားပြီဖြစ်ကြောင်း သိရ သည်။
“ကျွန်တော်တို့မြို့နယ်မှာ ကိုဗစ် - ၁၉ ရောဂါ ပိုးတွေ့အတည်ပြုလူနာများနှင့် အခြားသော နာမကျန်းလူနာများ အတွက် အောက်ဆီဂျင် လိုအပ်ချက်အခက်အခဲ မဖြစ်စေရေးအတွက် အောက်ဆီဂျင်စက်ရုံ အကောင်အထည်ဖော် တည်ဆောက်လျက်ရှိပါတယ်။ ယခုဆိုရင် အောက်ဆီဂျင်စက် ထားရှိမည့် အဆောက်အအုံတည်ဆောက်ခြင်းလုပ်ငန်းက ရာနှုန်းပြည့်ပြီးစီးသွားပြီဖြစ်ပါတယ်။ အောက်ဆီဂျင်စက်ရုံအတွက် အသုံးပြုမည့် 200 KVA ထရန်စဖော်မာနဲ့ စပ်ဆက် ပစ္စည်းတွေလည်း မနေ့က ရောက်ရှိလာပြီဖြစ်လို့ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာနှင့် ဝန်ထမ်းများအဖွဲ့က လျှပ်စစ်မီး အသုံးပြုနိုင်အောင် တပ်ဆင်ဆောင်ရွက်နေပြီဖြစ်ပါတယ်။ ခုရောက်ရှိတဲ့ ထရန်စဖော်မာနဲ့ စပ်ဆက်ပစ္စည်းတွေကိုတော့ ကောက်ခံရရှိတဲ့အလှူငွေ သိန်း (၂၇၀)ကျော်နဲ့ ဝယ်ယူတာဖြစ်ပါတယ်။ တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ထောက်ပံ့တဲ့ အောက်ဆီဂျင်စက်ကတော့ အောက်တိုဘာ ၁၀ ရက်နေ့လောက် ရောက်ရှိမယ်လို့ အကြမ်းဖျင်း သိရပါတယ်။ အောက်ဆီဂျင်စက် ရောက်တာနဲ့ အမြန်ဆုံး တပ်ဆင်ပြီးတော့ မြို့နယ်အတွင်းရှိ အောက်ဆီဂျင်လိုအပ်တဲ့ လူနာတွေကို ဖြန့်ဖြူးပေးသွားမှာ ဖြစ်ပါတယ်” ဟု ပွင့်ဖြူမြို့နယ်အောက်ဆီဂျင်စက်ရုံဖြစ်မြောက်ရေးအဖွဲ့မှ အတွင်းရေးမှူးဖြစ်သူ ဦးအောင်မျိုးဆက် က ပြောသည်။
ရဲဝင်းနိုင် ( ညောင်ဦး )