ပွင့်ဖြူ အောက်တိုဘာ ၆
မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်တွင် ကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေး မထိုးနှံရသေးသူများကို ဒုတိယအသုတ် ပထမအကြိမ် ကာကွယ်ဆေးထိုးနှံပေးခြင်းကို စက်တင်ဘာ ၁၆ ရက်နေ့မှ စတင်ကာ ဆေးထိုးစုရပ်(၄)နေရာခွဲ၍ ဦးစားပေး အုပ်စုအလိုက် ကာကွယ်ဆေးထိုးနှံပေးခဲ့ရာ အောက်တိုဘာ ၅ ရက်နေ့က ကာကွယ်ဆေးထိုးနှံပေးရမည့် လူဦးရေ ၁၁၀၀၀ အား အောင်မြင်စွာထိုးနှံပြီးစီးသွားပြီဖြစ်ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးမှ သိရသည်။
အဆိုပါ ကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ဆေးထိုးစုရပ်(၄) နေရာဖြစ်သည့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး ဗိုလ်ဥတ္တမခန်းမ ၊ လယ်ကိုင်းကျေးရွာ (အ.ထ.က) ကျောင်း ၊ ကုန်းဇောင်းကျေးရွာ(အ.ထ.က)ကျောင်း ၊ မဲဇလီကျေးရွာ(အ.ထ.က)ကျောင်းတို့တွင် ကျန်းမာရေးဝန်ထမ်းများက သတ်မှတ်စည်းကမ်းချက်များနှင့် အညီ စနစ်တကျ ထိုးနှံဆောင်ရွက်ပေးလျက်ရှိကြောင်း သိရပြီး ယမန်နေ့က ဆေးထိုးစုရပ် (၄)နေရာတွင် ကာကွယ်ဆေးလာရောက်ထိုးနှံသူ ၄၃၅ ဦး ရှိကြောင်း သိရသည်။ ဆေးထိုးစုရပ်များသို့ ကာကွယ်ဆေး လာရောက်ထိုးနှံသူများ စိတ်အေးချမ်းသာစွာ ထိုးနှံနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြတ်ခိုင် ၏ အနီးကပ်ကြီးကြပ်မှုဖြင့် မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ဝန်ထမ်းများ ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များနှင့် စေတနာ့ဝန်ထမ်း(Volunteer)အဖွဲ့ဝင်များက လိုအပ်သည်များကို ဝိုင်းဝန်းကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ပွင့်ဖြူမြို့နယ်တွင် ပြည်သူများ ကိုဗစ် - ၁၉ ရောဂါအန္တရာယ်ကင်းဝေးစေရန်နှင့် ကူးစက်ပျံ့ပွားမှု လျော့နည်း ပပျောက်စေရေးအတွက် ကာကွယ်ဆေးမထိုးနှံရသေးသူများအား ဦးစားပေးအုပ်စုအလိုက် ကာကွယ်ဆေး စနစ်တကျ ထိုးနှံပေးခဲ့ကြောင်း ၊ ပြည်သူများကိုလည်း သက်ဆိုင်ရာဆေးထိုးစုရပ်များအလိုက် မပျက်မကွက် ကာကွယ်ဆေး သွားရောက် ထိုးနှံနိုင်ရေးအတွက် ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများက အသံချဲ့စက်ဖြင့် နေ့စဉ် အသိပေးနှိုးဆော် ခြင်းများ ဆောင်ရွက်ခဲ့ရာ ပြည်သူများက အလေးထား ကာကွယ်ဆေးများ လာရောက်ထိုးနှံခဲ့ကြသဖြင့် ဒုတိယအသုတ် ပထမအကြိမ် ကာကွယ်ဆေးထိုးနှံပေးရမည့်လူဦးရေ ၁၁၀၀၀ အား ယမန်နေ့က အောင်မြင်စွာ ထိုးနှံပြီးစီးသွားပြီဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးအောင်မြတ်ခိုင် ထံမှ သိရသည်။
ရဲဝင်းနိုင် ( ညောင်ဦး )