ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပြည်မြို့၌ ကျင်းပသည့် "ပန်းခင်း" စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများနှင့် အိမ်ထောင်စုလူဦးရေစာရင်း ပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက်

ပြည် အောက်တိုဘာ ၆

ပဲခူးတိုင်းဒေသကြီး၊ အစိုးရအဖွဲ့တိုင်းဒေသကြီး၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်း/ခရိုင်/မြို့နယ် ဌာနဆိုင်ရာများနှင့် အတူ ယမန်နေ့ မွန်းလွဲ ၂ နာရီက ပြည်မြို့ သီရိခေတ္တရာ ရတနာမြို့တော်ခန်းမ၌ ကျင်းပသည့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၏ "ပန်းခင်း" စီမံချက်ဖြင့် ဆောင်ရွက်ခဲ့သော နိုင်ငံသားစိစစ်ရေးကတ်ပြား များနှင့် အိမ်တောင်စု လူဦးရေစာရင်း ပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက်အားပေးခဲ့သည်။

အခမ်းအနားတွင် ရှေးဦးစွာ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ခရိုင် ဦးစီးမှူး ဦးအောင်ဇော်မိုးက "ပန်းခင်း" စီမံချက် ဆောင်ရွက်မှုအခြေအနေများအား ရှင်းလင်းတင်ပြသည်။ ထို့နောက် ပြည်မြို့နယ်အတွင်း တပ်ရင်းတပ်ဖွဲဝင်များအား ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ပေးခဲ့သော နိုင်ငံသားစိစစ်ရေးကတ် (၂၇၃)ခုအား ပဲခူးတိုင်းဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက တပ်ရင်းတပ်ဖွဲ့ဝင်များ ကိုယ်စား တပ်ဖွဲ့ဝင်တစ်ဦးထံသို့လည်းကောင်း၊ ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(ပြည်)မှ ဗိုလ်မှူးချုပ် မြတ်ကိုက ပြည်မြို့ပေါ်ရပ်ကွက်(၄)ခုမှ ပြည်သူများအတွက် ဆောင်ရွက်ပေးခဲ့သော နိုင်ငံသားစိစစ်ရေး ကတ်(၂၂၂)ခုကို ရပ်ကွက် ကိုယ်စားလှယ် တစ်ဦးထံသို့လည်းကောင်း၊ ပဲခူးတိုင်းဒေသကြီး နယ်စပ်​ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး လှမျိုးဆွေက ကျေးရွာအုပ်စု (၇)အုပ်စုအတွက် ဆောင်ရွက်ပေးခဲ့သော နိုင်ငံသားစိစစ်ရေးကတ်(၂၀၄)ခုကို ကျေးရွာအုပ်စုများမှ ကိုယ်စားလှယ်တစ်ဦး ထံသို့ လည်းကောင်း၊ လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီး ကျော်ထွဋ်က မီးသတ်တပ်ဖွဲ့ဝင်များအား ဆောင်ရွက်ပေးခဲ့သော နိုင်ငံသားစိစစ်ရေးကတ်(၂၂)ခုတို့ကိုလည်းကောင်း အသီးသီးပေးအပ်ခဲ့ကြသည်။

ပြည်မြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် ယနေ့ ပေးအပ်သည့် အခမ်းအနားတွင် နိုင်ငံသားစိစစ်ရေးကတ် (၇၂၁)ကတ်နှင့် အိမ်ထောင်စုလူဦးရေစာရင်း (၁၁၉)ခု ပေးအပ်ခဲ့ကြောင်း မြို့နယ်လူဝင်မှုကြီးကြပ်ရေး နှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ သိရသည်။

မင်းမင်းစိုး