ထီးလင်းမြို့နယ်၌တောင်သူ ၄၄၄ ဦး တို့အား မိုးရာသီစိုက်ပျိုးစရိတ် ငွေကျပ် ၂၁၂၀ သိန်း ထုတ်ချေး ပေးပြီးဖြစ်

ထီးလင်း အောက်တိုဘာ ၆

 

မကွေးတိုင်းဒေသကြီး ဂန့်ဂေါခရိုင်  ထီးလင်းမြို့ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် မြို့နယ် ဘဏ်ခွဲရုံးမှ ကျေးလက် ဒေသတောင်သူများ၏ လူမှုစီးပွားရေး လုပ်ငန်းများဖွံ့ဖြိုးတိုးတက်စေရေး အတွက် လိုအပ်သော ချေးငွေကိုထုတ်ချေးပေးလျက်ရှိရာ  တောင်သူများစားဝတ်နေရေး အဆင်ပြေ လွယ်ကူစေရေး နှင့် လယ်ယာလုပ်ငန်းခွင်များ၌ ငွေကြေးအဆင်ပြေလွယ်ကူစွာ သုံးစွဲနိုင်စေရေးတို့ကို ရည်ရွယ်လျက် မိုးရာသီစိုက်ပျိုးစရိတ်များကို ထုတ်ချေးပေးလျက်ရှိကြောင်း သိရသည်။

 

ထီးလင်းမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာ(၉)အုပ်စုမှ တောင်သူ(၄၄၄)ဦးတို့အား စပါး(၈၈၄) ဧက၊ နှမ်း(၇၉၃) ဧကနှင့်မြေပဲ(၁)ဧကအတွက် စုစုပေါင်း ချေးငွေကျပ် (၂၁၂၀) သိန်းကို ထုတ်ချေးပေးပြီး ဖြစ်သည်။ အဆိုပါမိုးရာသီစိုက်ပျိုးစရိတ် ချေးငွေများကို ၂၀၂၁ ခုနှစ်၊ ဩဂုတ်လ ၂၄ ရက်နေ့ မှစတင်၍ ထုတ်ချေးပေးခဲ့ကြောင်းနှင့် ကျန်ရှိသည့်တောင်သူများအား အောက်တိုဘာလအထိ ဆက်လက် ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း ထီးလင်းမြို့ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ မြို့နယ်ဘဏ်ခွဲရုံးမှ သိရသည်။ မိုးရာသီစိုက်ပျိုးစရိတ် ချေးငွေများ ထုတ်ချေးပေးရာတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့ပွားမှု မဖြစ်ပေါ်စေရေးအတွက် ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်ပေးလျက် ရှိကြောင်း သိရသည်။

 

အောင်စည်(ပြန်/ဆက်)